ဘန်ကောက်မြို့ကို တုန်လှုပ်သွားစေတဲ့ မြေပြိုကျမှုကြီး၏ နောက်ဆက်တွဲဖြစ်ရပ်များ

ဘန်ကောက်မြို့၊  Samsen လမ်းပေါ်က ဧရာမ မြေကျွံတွင်းကြီး ဖြစ်ရပ်အပေါ် အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အချိန်နဲ့အပြိုင် ကြိုးပမ်းနေကြပါတယ်။ ဒီမြေကျွံတွင်းကြီးကြောင့် ရဲစခန်းအသစ်တစ်ခု ပြိုကျမယ့်အန္တရာယ်နဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီဖြစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ခရမ်းရောင်ရထားလိုင်း လမ်း extension အတွက် ဆောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်း ပြိုကျခဲ့ရာကနေ စတင်ခဲ့တာပါ။ အလျား၊ အနံ နဲ့ အနက် ပေ သုံးဆယ်စီရှိတဲ့ ဒီမြေကျွံတွင်းကြီးကြောင့် မြေကြီးတွေနဲ့ မြေအောက်ရေတွေဟာ Vajira ဆေးရုံ ဘူတာရုံထဲကို လျှောကျဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီလို ထပ်မံပြိုကျမှု မဖြစ်အောင် အလုပ်သမားတွေဟာ သဲအိတ်ပေါင်း ငါးသောင်းကျော်နဲ့ ကျောက်စရစ်ခဲတွေကို အရေးတကြီး ဖြည့်သွင်းနေကြပါတယ်။

Vajiraဆေးရုံကတော့ မြေအောက်ကွန်ကရစ် နံရံတွေကြောင့် အတော်လေး ဘေးကင်းတယ်လို့ ယူဆရပေမယ့် အနီးနားက Samsenရဲစခန်းကတော့ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဆောက်အအုံရဲ့ အုတ်မြစ်အောက်က မြေသားတွေ အများအပြား လျှောကျသွားခဲ့တာကြောင့် ငါးထပ်ရှိတဲ့ အဆောက်အအုံရဲ့ တိုင်နှစ်တိုင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့် ရဲအရာရှိ ငါးဆယ်ခန့်နဲ့ အိမ်ထောင်စု နှစ်ဆယ်က ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒေသခံတွေရဲ့ ရေသန့်ပိုက်လိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပြီး ပြုပြင်ရေးအဖွဲ့တွေက မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်ရရှိအောင် အပြင်းအထန် ကြိုးစားနေကြပါတယ်။

ဝန်ကြီးချုပ်Anutin Charnvirakul က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး ဥမင်လိုဏ်ခေါင်းနဲ့ လမ်းပြင်ဆင်မှုတွေဟာ အနည်းဆုံး တစ်နှစ်ကြာမြင့်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို စုံစမ်းဖို့အတွက် MRTA ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

Source: Bangkok Post