ယနေ့ နံနက် ၇ နာရီ တိုင်းထွာချက်အရ ဘန်ကောက်တွင် PM2.5 ပျမ်းမျှအဆင့်မှာ ၅၇.၃ µg/m³ ရှိနေပြီး အမျိုးသားဘေးကင်းလုံခြုံမှု စံနှုန်းဖြစ်သော ၃၇.၅ µg/m³ ထက် များစွာပိုမိုမြင့်မားနေသည်။
လေထုအညစ်ညမ်းဆုံး နယ်မြေ (၁၂) ခု:
- Bang Rak – ၇၅.၈ µg/m³ (အနီရောင်အဆင့်)
- Lat Krabang – ၇၅.၅ µg/m³ (အနီရောင်အဆင့်)
- Pathumwan – ၇၃.၇ µg/m³
- Prawet – ၇၁.၄ µg/m³
- Chatuchak – ၇၀.၉ µg/m³
- Sathon – ၇၀.၄ µg/m³ (အခြားနယ်မြေများဖြစ်သည့် Khlong Sam Wa, Nong Chok, Khlong Toei, Bueng Kum, Ratchathewi နှင့် Min Buri တို့တွင်လည်း ၆၂ ကျော်အထိ ရှိနေသည်)
သတင်းရင်းမြစ်များ၏ အဆိုအရ ယခုကဲ့သို့ လေထုညစ်ညမ်းရခြင်းမှာ အဓိက အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည် –
- စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုများ (Agricultural Burning): NASA ၏ ဂြိုဟ်တုမြေပုံများအရ ထိုင်းနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးမြေကွက်များနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်တစ်လျှောက်တွင် အကြီးအကျယ် မီးရှို့မှုများ ပြုလုပ်နေခြင်းကြောင့် ဖြစ်သည်။
- လေဖိအားနှင့် ရာသီဥတု (Weather Patterns): လေတိုက်နှုန်း အလွန်နှေးကွေးနေပြီး အပူချိန်ပြောင်းပြန်ဖြစ်စဉ် (Temperature Inversion) ကြောင့် အညစ်အကြေးများနှင့် မီးခိုးမြူများမှာ အထက်သို့ လွင့်စင်မသွားနိုင်ဘဲ ဘန်ကောက်နှင့် အလယ်ပိုင်းဒေသများပေါ်တွင် ပိတ်မိနေခြင်း ဖြစ်သည်။
ပြည်သူများအတွက် ကျန်းမာရေး အကြံပြုချက်:
ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က အောက်ပါအတိုင်း တိုက်တွန်းထားသည် –
- လိမ္မော်ရောင်ဇုန်များတွင်: အပြင်ထွက်ပါက PM2.5 mask ကို စနစ်တကျ တပ်ဆင်ရန်၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်နှင့် ချောင်းဆိုးခြင်း၊ မျက်စိစပ်ခြင်း ဖြစ်ပါက သတိပြုရန်။
- အနီရောင်ဇုန်များတွင်: အရေးကြီးကိစ္စမရှိပါက အိမ်ထဲ၌သာ နေထိုင်ရန်၊ လေစစ်စက် (Air Purifier) ရှိသော ပတ်ဝန်းကျင်တွင် နေရန်နှင့် နာတာရှည်ရောဂါရှိသူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ရန်။
ပညာရှင်များက ထိုင်းနိုင်ငံတွင် လေထုသန့်စင်ရေးဥပဒေ (Clean Air Act) ကို ထိရောက်စွာ ကျင့်သုံးနိုင်ပါက နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ပြဿနာနှင့် စိုက်ပျိုးရေး မီးရှို့မှုများကို နောင်တွင် လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
