ဘန်ကောက်အာဏာပိုင်များက Samsen လမ်း ပေါ်ရှိ ဧရာမ မြေကျင်းကြီးကို ပြုပြင်သည့်လုပ်ငန်းများသည် စီစဉ်ထားသည့်အတိုင်း တိုးတက်လျက်ရှိကြောင်း၊ ကျိုးကျသွားသည့်ဧရိယာအတွင်း ကွန်ကရစ်များကို လောင်းထည့်ပြီးစီးပြီဖြစ်ပြီး အင်္ဂါနေ့တွင် သဲများဖြည့်တင်းခြင်းလုပ်ငန်းကို စတင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့နံနက်ပိုင်းတွင် လုပ်သားများသည် Vajira ဆေးရုံ ရှေ့ရှိ ပြိုကျသွားသောနေရာမှ အပျက်အစီးများကို ဖယ်ရှားရန်အတွက် ကရိန်းကို အသုံးပြုခဲ့ကြပြီးနောက် နေရာကို ပိတ်ဆို့နေသည့် မြေအောက်ဆက်သွယ်ရေးကေဘယ်ကြိုးများကို ဖြတ်တောက်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် နစ်မြုပ်သွားသည့်နေရာကို တည်ငြိမ်စေရန်အတွက် အနီးနားရှိ Samsen ရဲစခန်းအောက်အပါအဝင် လိုင်ခေါင်းများအတွင်းသို့ သဲများဖြည့်တင်းသွားမည်ဖြစ်သည်။
ထိုင်းအင်ဂျင်နီယာကောင်စီ၏ အကြံပေးဖြစ်သူ Asst Prof Thanes Weerasiri က ကွန်ကရစ်လောင်းထည့်ခြင်းလုပ်ငန်းသည် စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နေပြီး အင်ဂျင်နီယာများက ၎င်းမာကျောသွားရန် စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ Samsen ရဲစခန်း အဆောက်အအုံ၏ အုတ်မြစ်ကို ခိုင်မာစေရန်အတွက်လည်း Shotcrete (ကွန်ကရစ်မှုန်ရေစိမ်) များကို ရဲစခန်းအောက်တွင် ဖြန်းပက်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn သည် တနင်္ဂနွေနေ့တွင် လုပ်ငန်းခွင်ကို လာရောက်စစ်ဆေးခဲ့ပြီး ပြုပြင်ရေးအစီအစဉ်တွင် အတားအဆီးများမရှိကြောင်း လူထုကို အာမခံခဲ့သည်။ မြေပြင်လှုပ်ရှားမှုများကို အချိန်ပြည့် စောင့်ကြည့်ရန်အတွက် စောင့်ကြည့်ကင်မရာ ၁၀ လုံးကျော် တပ်ဆင်ထားကြောင်းနှင့် လုပ်သားများ၏ ဘေးကင်းရေးကို အဓိကဦးစားပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
Vajira ဆေးရုံ သည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေသည်။ စနေနေ့တွင် ဆေးရုံသို့ရောက်ရှိလာသော လူနာအများစုသည် အထူးကုဆေးခန်းများအတွက်ဖြစ်ပြီး၊ တနင်္လာနေ့တွင် ပြင်ပလူနာ ၃,၀၀၀ ကျော် ကုသမှုခံယူရန် လာရောက်မည်ဟု အာဏာပိုင်များက မျှော်မှန်းထားကြောင်းသိရပါသည်။
Source: Bangkok Post