ပြီးခဲ့သည့် စနေနေ့က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်နှစ်ခုအရ စိတ်မတည်မငြိမ်ဖြစ်နေသော အမျိုးသမီးတစ်ဦးသည် ဆူကွန်ဗစ်လမ်းမပေါ်တွင် ဓားဖြင့် လိုက်လံရန်ပြုခဲ့ရာ ကမ္ဘာလှည့်ခရီးသည်များ ထိတ်လန့်ခဲ့ကြပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဗီဒီယိုတစ်ခုတွင် အဆိုပါအမျိုးသမီးသည် ဘတ်စ်ကားပေါ်၌ ဓားကိုင်ကာ ခရီးသည်များကို ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။ ဘတ်စ်ကားစပယ်ယာ အမျိုးသမီးက ဓားကိုင်ထားသည့် လက်ကို သတ္တိရှိရှိ ဖမ်းချုပ်ထားစဉ် ဘတ်စ်ကားဒရိုင်ဘာကပါ ဝိုင်းဝန်းကူညီကာ ဓားကို လုယူခဲ့သည်။ ခရီးသည်များ ဘေးကင်းစေရန်အတွက် ၎င်းအမျိုးသမီးကို ဘတ်စ်ကားပေါ်မှ ဆွဲချကာ လမ်းဘေးတွင် ထားပစ်ခဲ့သည်။ စပယ်ယာ၏ ပြောပြချက်အရ အဆိုပါအမျိုးသမီးမှာ ယခင်ကလည်း ဤသို့ပြုမူဖူးကြောင်း သိရသည်။
နောက်ထပ် ဗီဒီယိုတစ်ခုတွင် အဆိုပါအမျိုးသမီးသည် ဆူကွန်ဗစ် လူသွားလမ်းပေါ်တွင် ဓားဖြင့် လိုက်လံရန်ပြုနေသည်ကို တွေ့ရသည်။ လမ်းသွားလမ်းလာများနှင့် နိုင်ငံခြားသား ခရီးသည်များကို လိုက်လံတိုက်ခိုက်ခဲ့ရာ၊ ခရီးသည်အချို့မှာ လမ်းပေါ်သို့ ဆင်းပြေးခဲ့ရသည်။ ဈေးဆိုင်တစ်ခုတွင် ပစ္စည်းကြည့်နေသည့် အမျိုးသမီးတစ်ဦးမှာမူ ကျောကုန်းတွင် ဓားရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။
ရန်ပြုပြီးနောက် အဆိုပါအမျိုးသမီးသည် လမ်းဘေးတွင် ရပ်ထားသည့် တက္ကစီတစ်စီးပေါ်သို့ တက်ရောက် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် အနီးနားရှိ ဝိုင်းမော်တော်ဆိုင်ကယ်သမားများက တက္ကစီကို ဝိုင်းထားလိုက်ပြီး ဒရိုင်ဘာကို ကားထဲမှ ထွက်လာရန် ပြောကြားခဲ့သည်။ ရဲများ ရောက်မလာခင်အထိ အမျိုးသမီး အပြင်ထွက်မရစေရန် ကားတံခါးများကို ပိတ်ဆို့ထားခဲ့ကြသည်။ နောက်ဆုံးတွင် နယ်မြေခံရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ၎င်းအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းသွားခဲ့သည်။
Source: Bangkok Post
