ဘန်ကောက်မြို့၊ မင်းဘူရီခရိုင်တွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ရာ၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူ မိခင်ဖြစ်သူ မြန်မာအမျိုးသမီးအား ဧပြီ ၂ ရက်နေ့တွင် ချွန်ဘူရီခရိုင်၊ ကိုလန်းကျွန်း (Koh Larn) ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်များအရ အသက် ၃၄ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ မြောပပထွန်းသည် ရေပုလင်းများထည့်ထားသည့် ကျောပိုးအိတ်ကို သမီးဖြစ်သူ၏ လည်ပင်းတွင် ကြိုးဖြင့်ချည်ကာ ပြတင်းပေါက်မှ အပြင်သို့ ပစ်ချ၍ လည်ပင်းညှစ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ တရားခံသည် စိတ်ဓာတ်ကျဝေဒနာနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် သမီးဖြစ်သူအား အရင်သတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်ရန် ကြံစည်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

လက်ရှိတွင် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၂၈၈ (ရည်ရွယ်ချက်ရှိရှိ လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ၎င်းပြစ်မှုမှာ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာ ခံစားနေရသူများရှိပါက ဝိုင်းဝန်းကူညီပေးရန်နှင့် လိုအပ်ပါက စိတ်ကျန်းမာရေး အကူအညီပေးရေးအဖွဲ့အစည်းများသို့ ဆက်သွယ်ရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
Source; Thaiger
