ဘန်ကောက် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးသုံး ပါတီကို ဝင်ရောက်စီးနင်း၊ အမျိုးသား ၂၉ ဦး ဖမ်းဆီး

ဘန်ကောက် ရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် သုခူမ်ဗစ် (Sukhumvit) ဒေသရှိ ဇိမ်ခံဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မူးယစ်ဆေးဝါးသုံး လိင်ပါတီ တစ်ခုဟု ဖော်ပြခံရသော ပွဲမှ အမျိုးသား ၂၉ ဦး (ထိုင်းနိုင်ငံသား ၂၈ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး) ကို ဖမ်းဆီးခဲ့သည်။

ညသန်းခေါင်ကျော် ၁၂:၃၀ နာရီခန့်တွင် ဝပ်သနာ (Watthana) ခရိုင်၊ သုခူမ်ဗစ် စွိုင် ၁၃ (Sukhumvit Soi 13) ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုတွင် ဖြစ်ပွားခဲ့သည်။

နိုင်ငံတော် ရဲချုပ် Pol Gen Kittharath Punpetch (ရဲဗိုလ်ချုပ်ကြီး ကစ်သာရပ် ပွန်ဖေ့ချ်) က “အထက်တန်းလွှာ” အသိုင်းအဝိုင်းများအတွင်း မူးယစ်ဆေးဝါးပါတီများ ကျင်းပနေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်စီးနင်းရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of Khaosod

မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနများမှ အရာရှိ ၅၀ ခန့်သည် ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သည်။ ဟိုတယ်၏ ဇိမ်ခံအခန်းထဲတွင် အတွင်းခံဘောင်းဘီများသာ ဝတ်ဆင်ထားသည့် အမျိုးသား ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ရသည်။ ဝင်ရောက်စီးနင်းချိန်တွင် အများစုမှာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်နေကြသည်ဟု သတင်းရရှိသည်။

၎င်းတို့ထံမှ ပက်ပါ (Poppers) ဟု လူသိများသော Amyl Nitrite (အေမိုင်းလ် နိုက်ထရိုက်)ဓာတုပစ္စည်းပုလင်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းဓာတုပစ္စည်းသည် အာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်သည်။

ရဲချုပ်ကြီး Pol Gen Kittharath Punpetch က အေမိုင်းလ် နိုက်ထရိုက်သည် ဆေးဘက်ဆိုင်ရာအတွက် ရည်ရွယ်သော်လည်း အထူးသဖြင့် လိင်တူချစ်သူ အမျိုးသားများကြားတွင် စအိုဖြင့် လိင်ဆက်ဆံရာ၌ အဆင်ပြေစေရန်အတွက် အပန်းဖြေ သုံးစွဲလေ့ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

“Poppers ကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ သုံးစွဲခြင်းသည် တရားမဝင်ပြီး အန္တရာယ်ရှိသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Photo Courtesy of Khaosod

Source: Bangkok Post