ဘန်ကောက် Green Line လျှပ်စစ်ရထား လမ်းပိုင်းတိုးချဲ့မှုများတွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ဈေးနှုန်းတိုးမြှင့်မည်🚄💸

ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) သည် မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ရေရှည်တည်တံ့ခိုင်မာစေရန်နှင့် လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးမှုများကို ထေမိစေရန်အတွက် Green Line (အစိမ်းရောင်လိုင်း) လျှပ်စစ်ရထား လိုင်းတိုးချဲ့ပိုင်းများ အတွက် ခရီးသွားလာခနှုန်းထားများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ မှစတင်၍ ညှိနှိုင်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြင်ဆင်ထားသော ခရီးသွားလာခ ဖွဲ့စည်းပုံအသစ်သည် Green Line ၏ တိုးချဲ့အပိုင်း သုံးခုလုံးဖြစ်သည့် Mo Chit–Khu Khot၊ Bearing–Samut Prakan နှင့် Pho Nimit–Bang Wa တို့တွင် အကျုံးဝင်မည်ဖြစ်သည်။ စုစုပေါင်း ဘူတာရုံ ၃၆ ခု နှင့် အကွာအဝေး ၄၄ ကီလိုမီတာ ကို လွှမ်းခြုံထားသည်။

ခရီးသွားလာခများသည် ဘတ် ၁၇ ဖြင့် စတင်မည်ဖြစ်ပြီး အကွာအဝေးအလိုက် တိုးမြှင့်ကာ အများဆုံး ဘတ် ၄၅ သာ ကောက်ခံမည်ဖြစ်သည်။ မူလခွင့်ပြုချက် ရထားလမ်းနှင့် လိုင်းတိုးချဲ့အပိုင်းနှစ်ခုလုံးကို ဖြတ်ကျော်စီးနင်းသော ခရီးသည်များအတွက် အများဆုံး ကောက်ခံမည့်နှုန်းထားမှာ လက်ရှိနှုန်းထက် ဘတ် ၃ သာ တိုးမြှင့်သည့် ဘတ် ၆၅ ဖြစ်သည်။ ဤနှုန်းထားသည် ကမ္ဘာလုံးဆိုင်ရာ အဓိကမြို့ကြီးများရှိ အလားတူ မက်ထရိုရထားစနစ်များ၏ ပျမ်းမျှခရီးသွားလာခထက် နည်းပါးနေသေးကြောင်း BMA က ပြောကြားသည်။

Photo Courtesy of Bangkok Post

BMA ၏ ပြောကြားချက်အရ အကွာအဝေးအလိုက် ခရီးသွားလာခ ကောက်ခံခြင်းသည် ဝန်ဆောင်မှု၏ အမှန်တကယ်ကုန်ကျစရိတ်ကို ပိုမိုထင်ဟပ်စေပြီး မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို တည်ငြိမ်ပြီး ထိရောက်စွာ ထိန်းသိမ်းရန် ကူညီပေးမည်ဖြစ်သည်။

ဤနှုန်းထားတိုးမြှင့်မှုသည် တိုးချဲ့အပိုင်းများအတွင်းတွင်သာ ခရီးသွားလာသူများကိုသာ အဓိက သက်ရောက်မှုရှိမည်ဖြစ်ပြီး အကွာအဝေးပေါ် မူတည်၍ ကုန်ကျစရိတ်မှာ ဘတ် ၂ မှ ၃၀ အထိ တိုးလာမည်ဖြစ်သည်။ မူလခွင့်ပြုထားသော ဇုန်အတွင်း၌သာ ခရီးသွားလာသူများအတွက်မူ သက်ရောက်မှုရှိမည် မဟုတ်ပါ။

သို့သော် ခရီးသည်များအပေါ် သက်ရောက်မှု လျှော့ချရန်အတွက် အသက် ၂၃ နှစ်အောက် ကျောင်းသားများ အတွက် ၃၀% လျှော့စျေး နှင့် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများ အတွက် ၅၀% လျှော့စျေး များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

BMA သည် မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ရေရှည်တည်တံ့စေရန် လိုအပ်သော ငွေကြေးဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော်နေစဉ်အတွင်း ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ဆက်လက် ထိန်းသိမ်းထားရန် ကတိပြုထားသည်။

Source: Bangkok Post