ဘန်ကောက်၊ ထိုင်း — ၇၄ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီး၏ သရဖူကို မက္ကဆီကိုနိုင်ငံမှ အသက် ၂၅ နှစ်အရွယ် Fátima Bosch က ဆွတ်ခူးရရှိခဲ့ကြောင်း ကြာသပတေးနေ့ (ထိုင်းစံတော်ချိန် သောကြာနေ့) တွင် ကြေညာခဲ့သည်။ ယခုနှစ် ပြိုင်ပွဲသည် ပြိုင်ပွဲဝင်များ စီစဉ်သူများကို စွပ်စွဲ၍ နုတ်ထွက်ခြင်း၊ လူသိရှင်ကြား အငြင်းပွားမှုများနှင့် စီမံခန့်ခွဲမှု အားနည်းချက် စွပ်စွဲချက်များကြောင့် မငြိမ်မသက်ဖြစ်ခဲ့ရသည်။
ထိုင်းနိုင်ငံကိုယ်စားလှယ် Veena Singh က ပထမ Runner-Up (ပထမဆု) ရရှိခဲ့ပြီး၊ ဒုတိယ Runner-Up (ဒုတိယဆု) မှာ Miss Venezuela Stephany Abasali ဖြစ်ကာ Miss Philippines Ahtisa Manalo က စတုတ္ထနေရာ၊ Miss Côte d’Ivoire Olivia Yacé က ပဉ္စမနေရာတို့တွင် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။

အလှူအတန်းနှင့် ပရဟိတလုပ်ငန်းကို အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်သည့် Fátima သည် ကလေးသူငယ်ကင်ဆာ တိုက်ဖျက်ရေးတွင် ကိုးနှစ်ကျော်ကြာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့ပြီး၊ သူမ၏ Ruta Monarca နှင့် Corazón Migrante လူမှုရေးအစီအစဉ်များမှတစ်ဆင့် Tabasco ကင်ဆာဆေးရုံရှိ ကလေးများအတွက် နှစ်စဉ် ခရစ္စမတ် အရုပ်ထရပ်ကား မောင်းနှင်ပွဲကို စီစဉ်ပေးခဲ့သည်။ သူမသည် Miss Universe စင်မြင့်ပေါ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် Tabasco ပြည်နယ်မှ ပထမဆုံးအမျိုးသမီးလည်း ဖြစ်သည်။
ပြိုင်ပွဲမစတင်မီကတည်းက ပြိုင်ပွဲဝင်အချို့က ထိုင်းစည်းရုံးရေးအဖွဲ့၏ မလေးမစားပြုမူပုံကို စွပ်စွဲပြီး နုတ်ထွက်ခဲ့ခြင်း(walkout) များ ရှိခဲ့သည်။ ထိုအရေးအခင်းကြောင့် Miss Universe Organization ဥက္ကဋ္ဌ Raul Rocha Cantu သည် ထိုင်းစီစဉ်သူများ၏ အခန်းကဏ္ဍကို လျှော့ချခဲ့ရသည်။ နောက်ပိုင်းတွင် Rocha သည် ထိုင်း Pageant ပုဂ္ဂိုလ် Nawat ကို အခက်အခဲများကြားမှ ပြိုင်ပွဲကို ဦးဆောင်ရန် ခေါ်ယူခဲ့သည်။

နောက်ဆုံး Top 5 တွင် ထိုင်း၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနှင့် Côte d’Ivoire တို့ ပါဝင်ခဲ့ကြပြီး နောက်ဆုံးမေးခွန်း-အဖြေ အဆင့်သို့ တက်ရောက်ခဲ့သည်။ Fátima သည် အခြားသူများထက် ပရိသတ် အားပေးမှု နည်းပါးခဲ့သော်လည်း ဒိုင်သူကြီးများ၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။
Fátima ၏ အောင်မြင်မှုသည် ၁၉၉၁ ခုနှစ်တွင် Lupita Jones၊ ၂၀၁၀ ခုနှစ်တွင် Ximena Navarrete နှင့် ၂၀၂၀ ခုနှစ်တွင် Andrea Meza တို့နောက်ပိုင်း မက္ကဆီကိုနိုင်ငံ၏ စတုတ္ထမြောက် Miss Universe သရဖူ ဖြစ်လာခဲ့သည်။
Source: Khaosod
