မဲဆောက်တွင် မြန်မာ TikTok Star ကိုတင်ဇော်ထွေး အသတ်ခံရ၊ ရဲတပ်ဖွဲ့က သံသယရှိသူ ၂ ဦးကို လိုက်လံရှာဖွေနေ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောအုပ်တစ်ခုအတွင်း မြန်မာနိုင်ငံမှ နာမည်ကြီး TikTok Influencer ကိုတင်ဇော်ထွေး (ခ) ကိုတူးတူး ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သတ်ဖြတ်သူဟု ယူဆရသူ နှစ်ဦးကို အပြင်းအထန် လိုက်လံရှာဖွေနေသည်။

ဖြစ်စဉ်အသေးစိတ်မှာတွေ့ရှိချက်တွေအရ အသက် ၂၅ နှစ်အရွယ် ကိုတင်ဇော်ထွေး၏ ရုပ်အလောင်းကို ပြီးခဲ့သည့် အင်္ဂါနေ့က မယ်တောင်ဖဲ့ (Ban Mae Tao Phae) ကျေးရွာရှိ သစ်ပင်ကြီးတစ်ပင်အောက် မြက်တောထဲတွင် မှောက်လျက်သား အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏မျက်နှာတွင် မာကျောသော အရာတစ်ခုဖြင့် အကြိမ်ကြိမ် အရိုက်ခံထားရသည့် ပြင်းထန်သော ဒဏ်ရာများ တွေ့ရှိရပြီး၊ အခင်းဖြစ်ရာနေရာအနီးတွင် သွေးစွန်းနေသော သစ်သားတုတ်တစ်ချောင်းကိုလည်း တွေ့ရှိခဲ့သည်။

၎င်းသည် ဇန်နဝါရီလ ၁၈ ရက် ညပိုင်းက လူမှုကွန်ရက် (Social Media) မှတစ်ဆင့် အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီးနောက် ၎င်း၏ တည်းခိုခန်းမှ ထွက်ခွာသွားခဲ့ရာမှ စတင်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မဲဆောက်ရဲတပ်ဖွဲ့၏ အဆိုအရ သံသယရှိသူ နှစ်ဦးသည် ကိုတင်ဇော်ထွေးအား လူသူမနီးသည့် အဆိုပါနေရာသို့ မျှားခေါ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆရသည်။ သတ်ဖြတ်သူများသည် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းက ယုံကြည်ရသူများ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်လည်း လူသူကင်းဝေးရာနေရာသို့ လိုက်သွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

ကိုတင်ဇော်ထွေးသည် LGBTQIA2S+ အသိုက်အဝန်းမှ လူချစ်လူခင်များသူတစ်ဦးဖြစ်ပြီး TikTok တွင် ဖော်လိုဝါ (Followers) ၈ သိန်းကျော်ရှိသူဖြစ်သည်။ လက်ရှိတွင် ၎င်း၏ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များက လောင်ကျောင်း (Luang Temple) တွင် စုဝေးကာ နောက်ဆုံးခရီးကို ဂါရဝပြုခဲ့ကြသည်။ ၎င်း၏ ရုပ်အလောင်းကို လာမည့် စနေနေ့တွင် မဲဆောက်သုသာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်သည်။

Source: Bangkok Post