မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ မလေးရှားသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သက်တမ်းရှိသော မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် မလေးရှားနိုင်ငံသို့ ကာလတို လူမှုရေးခရီးစဉ်များအတွက် ဗီဇာမလိုဘဲ သွားရောက်နိုင်ပြီဖြစ်ကြောင်း မလေးရှားနိုင်ငံ သံရုံး (ရန်ကုန်)က အသိပေးကြေညာခဲ့သည်။

ဤဗီဇာကင်းလွတ်ခွင့်သည် အများဆုံး ၁၄ ရက်အထိ နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ခရီးသွားလာရေးကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်သည်။

သို့သော်လည်း ဗီဇာကင်းလွတ်ခွင့်ရရှိရုံဖြင့် မလေးရှားနိုင်ငံထဲသို့ ဝင်ရောက်ခွင့် အာမခံချက်မရှိသေးကြောင်းကိုလည်း သတိပြုရန်လိုသည်။ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြု၊ မပြုကို သတ်မှတ်ထားသည့် ဝင်ထွက်ဂိတ်များရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ ဆုံးဖြတ်ချက်အပေါ် မူတည်မည်ဖြစ်ကြောင်း သံရုံးက ထပ်လောင်းအသိပေးထားသည်။

ထို့ကြောင့် ခရီးသွားများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများနှင့် ခရီးစဉ်အချက်အလက်များကို ပြည့်စုံစွာ ပြင်ဆင်သွားရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

Source: Embassy of Malaysia, Yangon