မြန်မာနိုင်ငံ၏ လူသိအများဆုံး စကမ်စင်တာများထဲမှ တစ်ခုဖြစ်သည့် KK Park ကို စစ်တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူ ၇၀၀ နီးပါး သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း တာ့ခ် (Tak) ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Sawanit Suriyakul Na Ayutthaya ၏ ပြောကြားချက်အရ ကြာသပတေးနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက်ပိုင်းအထိ လူ ၆၇၇ ဦး သည် မဲဆီမြစ် (Moei river) ကို ဖြတ်ကျော်၍ KK Park မှ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ထိန်းသိမ်းခံရသူများတွင် အမျိုးသား ၆၁၈ ဦး နှင့် အမျိုးသမီး ၅၉ ဦး ပါဝင်သည်။
လူမျိုးအများစုမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံသားများ ဖြစ်ကြပြီး ဗီယက်နမ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံအချို့မှ လူနည်းစုလည်း ပါဝင်သည်။အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦး၏ ခန့်မှန်းချက်အရ လူ ၇၀၀ ခန့်သည် ညတွင်းချင်း တရားမဝင် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသတင်းအေဂျင်စီ Antara ၏ ဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ခန့် သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းအထိ မဲဆီမြစ်ကိုဖြတ်၍ ထိုင်းပိုင်နက်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးက ထိုင်းအာဏာပိုင်များကို ကိုးကား၍ ပြောကြားခဲ့သည်။

တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Sawanit က လူဝင်မှုကြီးကြပ်ရေးရဲနှင့် စစ်တပ်တို့သည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအောက်” တွင် ပူးပေါင်း၍ အကူအညီများ ပေးအပ်ခဲ့သည်ဟု ပြောကြားသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ကြီးမားသော နှိမ်နင်းမှုတစ်ခုကြောင့် အလုပ်သမား ၇,၀၀၀ ခန့် ကို နေရပ်ပြန်ပို့ခဲ့ရပြီး ထိုင်းနိုင်ငံကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။
သို့သော် AFP ၏ စုံစမ်းစစ်ဆေးမှုတစ်ခုအရ စကမ်စင်တာ အများအပြားတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပြီး Starlink အင်တာနက် ဝန်ဆောင်မှု ဖမ်းစက်များ ကို အစုလိုက်အပြုံလိုက် တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။SpaceX ကုမ္ပဏီက တရားမဝင်လုပ်ငန်းများအတွက် အသုံးပြုနိုင်ခြေရှိသည့် Starlink ကိရိယာ ၂,၅၀၀ ခန့် ကို ပိတ်ပစ်လိုက်ပြီဟု ယခုအပတ်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံက စကမ်ကွန်ရက်များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသော တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦး ကို နေရပ်ပြန်ပို့ခဲ့သည်။
ကမ္ဘောဒီးယားအာဏာပိုင်များကလည်း ကြာသပတေးနေ့တွင် မြို့တော် ဖနွမ်းပင်၌ ရဲစစ်ဆင်ရေးတစ်ခုပြုလုပ်ကာ ဆိုက်ဘာစကမ်များနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသော တောင်ကိုရီးယားနိုင်ငံသား ၅၇ ဦး နှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
Source: Bangkok Post