ရုရှားနဲ့ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး စကားပြောနေကြပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အသေအပျောက်အများဆုံးဖြစ်တဲ့ ဥရောပစစ်ပွဲဟာ ကီလိုမီတာ ၂,၀၀၀ (၁,၂၅၀ မိုင်) ရှည်လျားတဲ့ ရှေ့တန်းတစ်လျှောက် ဆက်လက်ဖြစ်ပွားနေပြီး ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးရဲ့ နက်ရှိုင်းတဲ့ နယ်မြေတွေအထိ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူ လိုက်ပါလာနေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံ ဆိုဗီယက်ယူနီယံကနေ လွတ်လပ်ရေးကြေညာခဲ့တဲ့ ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ ရုရှားဒေသ ၁ ဒါဇင်ကျော်မှာ ယူကရိန်းဒရုန်း အနည်းဆုံး ၉၅ စီးကို ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၆၀ (၃၈ မိုင်) အကွာမှာရှိတဲ့ Kursk နျူကလီးယားဓာတ်အားပေးစက်ရုံက သန်းခေါင်ကျော်မှာ လေကြောင်းရန်ကာကွယ်ရေးက ဒရုန်းတစ်စင်းကို ပစ်ချခဲ့ရာမှာ အဲဒီဒရုန်းဟာ စက်ရုံနားမှာ ပေါက်ကွဲခဲ့ပြီး အရန်ထရန်စဖော်မာတစ်ခုကို ထိခိုက်စေကာ ဓာတ်ပေါင်းဖိုနံပါတ် ၃ ရဲ့ လည်ပတ်နိုင်စွမ်းကို ၅၀% လျှော့ချခဲ့ရတယ်လို့ ပြောပါတယ်။
ဓါတ်ရောင်ခြည်ပမာဏက ပုံမှန်အတိုင်းဖြစ်ပြီး ဒရုန်းကြောင့်ဖြစ်တဲ့ မီးလောင်မှုကနေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ စက်ရုံက ပြောပါတယ်။ နောက်ထပ် ဓာတ်ပေါင်းဖို ၂ လုံးက လျှပ်စစ်ဓာတ်အား မထုတ်လုပ်ဘဲ လည်ပတ်နေပြီး တစ်လုံးကတော့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လုပ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂနျူကလီးယားအေဂျင်စီဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က စစ်ရေးလှုပ်ရှားမှုကြောင့် စက်ရုံက ထရန်စဖော်မာတစ်ခု မီးလောင်မှုနဲ့ပတ်သက်တဲ့ သတင်းတွေကို သိရှိထားပြီး နျူကလီးယားစက်ရုံတိုင်းကို အချိန်တိုင်း အကာအကွယ်ပေးထားသင့်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
ကီလိုမီတာ ၁,၀၀၀ အကွာ မြောက်ဘက်မှာရှိတဲ့ ဖင်လန်ပင်လယ်ကွေ့က ရုရှားရဲ့ မြောက်ပိုင်း Leningrad ဒေသက Ust-Luga ဆိပ်ကမ်းမှာ ယူကရိန်းဒရုန်း အနည်းဆုံး ၁၀ စီးကို ပစ်ချခဲ့ပြီး အပျက်အစီးတွေကြောင့် Novatek က လည်ပတ်တဲ့ ဆိပ်ကမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီဆိပ်ကမ်းဟာ ကြီးမားတဲ့ ဘောလ်တစ်ပင်လယ်ကနေ လောင်စာဆီတင်ပို့တဲ့ ဆိပ်ကမ်းနဲ့ ပြုပြင်ထုတ်လုပ်ရေးစခန်းလည်း ဖြစ်ပါတယ်။

ရုရှား တယ်လီဂရမ်ချန်နယ်တွေကနေ ဖော်ပြတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုဖိုင်တွေမှာ ဒရုန်းတစ်စင်းဟာ လောင်စာဆီဂိုဒေါင်တစ်ခုထဲကို တိုက်ရိုက်ပျံသန်းဝင်ရောက်သွားပြီးနောက် မီးတောက်ကြီးတစ်ခု ကောင်းကင်ယံကို မြင့်တက်လာကာ မီးခိုးလုံးကြီးတွေ မိုးကုတ်စက်ဝိုင်းဆီအထိ လွင့်ပျံနေတာကို ပြသနေပါတယ်။
ရုရှားရဲ့ Leningrad ဒေသအုပ်ချုပ်ရေးမှူး Alexander Drozdenko က “မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုပေးသူတွေက လက်ရှိမှာ မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သူက ပြောပါတယ်။
Novatek (NVTK.MM) ရဲ့ အဆိုအရ ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ Ust-Luga စက်ဝိုင်းက ဓာတ်ငွေ့အဆီအနှစ်တွေကို ပေါ့ပါးတဲ့ နဲ့ဖ်သာ (naphtha) နဲ့ အလေးစား နဲ့ဖ်သာ၊ လေယာဉ်ဆီ၊ လောင်စာဆီနဲ့ ဓာတ်ဆီအဖြစ် ပြုပြင်ထုတ်လုပ်ပေးပြီး ကုမ္ပဏီအနေနဲ့ ရေနံထွက်ပစ္စည်းတွေအပြင် ဓာတ်ငွေ့အဆီအနှစ်တွေကိုလည်း နိုင်ငံတကာစျေးကွက်ဆီ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ Novatek ဟာ အများအားဖြင့် တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ မလေးရှားတို့အပါအဝင် အာရှအတွက် နဲ့ဖ်သာကို ထုတ်လုပ်ပြီး အစ္စတန်ဘူလ်ကို ပို့ဆောင်ဖို့ လေယာဉ်ဆီကိုလည်း ထုတ်လုပ်ပေးပါတယ်။
ရုရှားရဲ့ အရပ်ဘက်လေကြောင်းထိန်းချုပ်ရေးအဖွဲ့ Rosaviatsia က Leningrad ဒေသက Pulkovo လေဆိပ်အပါအဝင် ရုရှားလေဆိပ်အများအပြားမှာ လေယာဉ်ပျံသန်းမှုတွေကို နာရီပေါင်းများစွာကြာ ရပ်နားထားခဲ့ရတယ်လို့ ပြောပါတယ်။
ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံတောင်ပိုင်း Syzran မြို့က စက်မှုလုပ်ငန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ Samara ဒေသအုပ်ချုပ်ရေးမှူးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပေမဲ့ ဘယ်နေရာကို တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။
ဒီလအစောပိုင်းမှာ ယူကရိန်းစစ်တပ်က Syzran ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ Rosneft (ROSN.MM) ပိုင်ဆိုင်တဲ့ အဲဒီရေနံချက်စက်ရုံဟာ တိုက်ခိုက်မှုအပြီးမှာ ထုတ်လုပ်မှုနဲ့ ရေနံစိမ်းထည့်သွင်းမှုကို ဆိုင်းငံ့ထားရတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ယူကရိန်းဘက်ကတော့ ချက်ချင်းတုံ့ပြန်ပြောကြားတာ မရှိခဲ့ပါဘူး။ Kyiv က ရုရှားနိုင်ငံအတွင်းက ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ဆက်တိုက်တိုက်ခိုက်နေမှုတွေကို တုံ့ပြန်တာဖြစ်ပြီး မော်စကိုရဲ့ စစ်ရေးကြိုးပမ်းမှုအတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
📌လူကြီးမင်းတို့ အနေနဲ့ VPN ကြောင့် Facebook မသုံးဖြစ်လည်း နေ့စဉ်သတင်းတွေကို သိရှိလိုတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Tik tok လေးကို Follow ထားဖို့မမေ့နဲ့နော်
TikTok Link: https://www.tiktok.com/@mingalarnews?is_from_webapp=1&sender_device=pc
Source: The Nation Thailand