ဒေသတွင်းမှာ အလွန်တင်းမာနေတဲ့ နယ်စပ်ပဋိပက္ခတွေကို လျှော့ချဖို့အတွက် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်ကို စနေနေ့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို Chanthaburiပြည်နယ်ရှိ Ban Phak Khat နယ်စပ်စစ်ဆေးရေးဂိတ်မှာ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေက အပြီးသတ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မွန်းတည့် ၁၂ နာရီမှာ စတင်အသက်ဝင်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက တိုက်ပွဲတွေကို အမှန်တကယ် ရပ်တန့်ခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ဖို့အတွက် ၇၂ နာရီကြာ စောင့်ကြည့်ရေးကာလကို ပထမဆုံး သတ်မှတ်ထားပါတယ်။
အချက် ၁၆ ချက် ပါဝင်တဲ့ ပူးတွဲကြေညာချက်အရ နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေ ရွှေ့ပြောင်းလှုပ်ရှားမှုကို ရပ်ဆိုင်းဖို့နဲ့ အကြောင်းမဲ့ ပစ်ခတ်မှုတွေကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေရတဲ့ သိန်းနဲ့ချီတဲ့ အရပ်သားတွေ နေရပ်ပြန်နိုင်ရေးကိုလည်း အလေးပေး ဆောင်ရွက်သွားမှာပါ။ ထိုင်းနိုင်ငံဘက်ကလည်း အပစ်အခတ်ရပ်စဲရေး သုံးရက်တာကာလအတွင်းမှာ ပြဿနာထပ်မံမရှိဘူးဆိုရင် ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သည် ၁၈ ဦးကို ပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်ပြီး မြေမြှုပ်မိုင်းဖယ်ရှားရေးနဲ့ ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေးတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
လက်ရှိမှာ တရားဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ အခြေအနေကတော့ တင်းမာနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပေါင်း ၂၀ အတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလို ထိုင်းဝန်ကြီးချုပ် Anutin Charnvirakulကလည်း တိုက်ပွဲတွေအတွင်း ထိုင်းတပ်မတော်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ပြန်လည်ဆုတ်ခွာမှာမဟုတ်ဘူးလို့ အပြတ်အသတ် ပြောကြားထားပါတယ်။ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့က မြေပြင်အခြေအနေကို စောင့်ကြည့်ဖို့ ပြင်ဆင်နေချိန်မှာပဲ နှစ်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရေရှည်နယ်စပ်တည်ငြိမ်ရေးအတွက် ဆွေးနွေးဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
Source: Bangkok Post
