ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် စမတ်စခွန်ခရိုင်၊ မောင် (Muang) နယ်မြေအတွင်းရှိ ရာမ ၂ လမ်းမပေါ်တွင် ကြောက်မက်ဖွယ် ဆောက်လုပ်ရေး မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အကြောင်းအရင်းမှာ အမြန်လမ်းမကြီး တံတားတည်ဆောက်ရေးတွင် အသုံးပြုနေသည့် ကရိန်းတစ်ခု၏ အစိတ်အပိုင်းများ ပြိုကျခဲ့ခြင်း ဖြစ်သည်။ ထိခိုက်မှုများအနေဖြင့်လမ်းပေါ်သို့ ပြိုကျလာသော ကရိန်းအစိတ်အပိုင်းများသည် အောက်မှ ဖြတ်သန်းမောင်းနှင်နေသော မော်တော်ယာဉ် ၂ စီးပေါ်သို့ တိုက်ရိုက်ပိမိခဲ့သည်။ဖြစ်ပွားခဲ့သည့်နေရာမှာ သာချင်းမြစ် (Tha Chin River) ကူးတံတားသို့ မရောက်မီ ကီလိုမီတာ အမှတ်အသား ၂၈-၃၀ ကြား၊ တောင်ဘက်သို့ ဦးတည်သော လမ်းကြောတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မောင်စမတ်စခွန် ရဲစခန်းမှ ယာဉ်ထိန်းရဲအရာရှိ Pol Lt Pirote Pinthip ၏ အဆိုအရ ဤဖြစ်စဉ်ကြောင့် လူ ၂ ဦး နေရာတွင်တင် သေဆုံး ခဲ့သည်။ အခြားသော လူ ၅ ဦးမှာ ဒဏ်ရာရရှိခဲ့ သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း FM91 Trafficpro သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ မတော်တဆမှုကြောင့် ရာမ ၂ လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိပြီး၊ အာဏာပိုင်များက လမ်းပေါ်သို့ ပြိုကျနေသည့် ကရိန်းအစိတ်အပိုင်းများကို ဖယ်ရှားရန်နှင့် အပျက်အစီးများအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် လုပ်ဆောင်နေကြသည်။
Source: Bangkok Post
