စမတ်ဆာခွန် (Samut Sakhon) ခရိုင်အတွင်းရှိ ရာမ ၂ လမ်းပေါ်တွင် ယခင်က ကရိန်းပြိုကျမှုဖြစ်ပွားခဲ့ဖူးသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားများနှင့် အနီးနားရှိ ဒေသခံများ ထိတ်လန့်ခဲ့ကြသည်။
မီးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိ အနီးကပ်နေရာ နှစ်နေရာမှ တစ်ပြိုင်နက်တည်း စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် အလွန်ထူထပ်သော မီးခိုးအမည်းရောင်ကြီးများ ကောင်းကင်ယံသို့ တက်လာခဲ့သည်ကို အဝေးမှပင် မြင်တွေ့ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာပြီး မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ ဘေးကင်းလုံခြုံရေးအတွက် အဆိုပါနေရာကို ပိတ်ဆို့ထားပြီး အများပြည်သူ ဝင်ထွက်သွားလာခွင့်ကို တားမြစ်ထားသည်။
တာဝန်ရှိသူများက မီးလောင်ရသည့် အကြောင်းရင်းမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ထို့အပြင် နောက်ထပ် မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် အဆိုပါလုပ်ငန်းခွင်၏ တည်ဆောက်ပုံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေး အခြေအနေများကိုပါ အသေးစိတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရာမ ၂ လမ်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ပစ္စည်းများ ပြုတ်ကျခြင်း၊ ကရိန်းပြိုခြင်း စသည့် မတော်တဆမှုများကြောင့် ထိုင်းပြည်သူများအကြား “ကျိန်စာသင့်လမ်း” ဟုပင် တင်စားခံနေရသော လမ်းပိုင်းတစ်ခု ဖြစ်သည်။
Source: Khaosod
