ရုရှားနိုင်ငံရဲ့ အရှေ့ဖျား ကမ်ချတ်ကာ (Kamchatka) ပင်လယ်ကမ်းခြေ နားမှာ ပြင်းအား ၈.၈ မက်ဂနီကျူ့ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီပြင်းထန်တဲ့ ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပါတယ်။
ကမ်ချတ်ကာ (Kamchatka) ဒေသခံအုပ်ချုပ်ရေးမှူးက ဒါဟာ ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ ထိခိုက်မှုရှိတဲ့ ဒေသတွေမှာ ၄ မီတာအထိ မြင့်မားတဲ့ ဆူနာမီလှိုင်းလုံးတွေ မှတ်တမ်းတင်ရရှိခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးကာ လူအနည်းငယ်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ အရေးပေါ်ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်တွေမှာ ဟော့ကိုင်ဒို (Hokkaido) ကျွန်းမြောက်ပိုင်းက လူတွေ အဆောက်အအုံခေါင်မိုးပေါ် တက်ရောက်ခိုလှုံနေကြတာကို ပြသနေပြီး ငါးဖမ်းလှေတွေလည်း ဆူနာမီလှိုင်းဒဏ်ကနေ ရှောင်ရှားဖို့ ဆိပ်ကမ်းကနေ ထွက်ခွာသွားကြပါတယ်။၂၀၁၁ ခုနှစ် ဆူနာမီကြောင့် ရေဒီယိုသတ္တိကြွမှု ဖြစ်ပေါ်ခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား (Fukushima) ဓာတ်အားပေးစက်ရုံ က ဝန်ထမ်းတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
အမေရိကန် ဆူနာမီ သတိပေးစနစ်ကလည်း ဟာဝိုင်ယီ (Hawaii)၊ ချီလီ (Chile) နဲ့ တခြား ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
ပစိဖိတ် ‘Ring of Fire’ လို့ ခေါ်တဲ့ ဘူမိဗေဒအရ လှုပ်ရှားတဲ့ ဒေသမှာ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပေမယ့် အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။
Source: The Nation Thailand