စမုပရာကန်တွင် အစားအသောက်ပို့ဆောင်သူကို တိုက်ခိုက်ခဲ့သည့်အမှုကြောင့် မြန်မာအလုပ်သမား (၆) ဦးအလုပ်ထုတ်ခံရ

ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်ကို Rider ဖြစ်သူက ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။ ဗီဒီယိုမှတ်တမ်းအရ အဖြူရောင်အင်္ကျီဝတ်ထားသည့် မြန်မာလုပ်သားတစ်ဦးမှာ သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ ထွက်လာပြီး Rider ကို စိန်ခေါ်ရန်ပြုခဲ့သည်။ ထို့နောက် ၎င်းက Rider ၏ ဆိုင်ကယ်ရှေ့ပိုင်းကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့ရာမှ နှစ်ဖက်အုပ်စုဖွဲ့ ရန်ပွဲဖြစ်ပွားခဲ့ပြီး Rider ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်တွင် အာဏာပိုင်များက ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ ဆိုင်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသူ “မေ” က ၎င်း၏ ဝန်ထမ်းများနှင့် Rider တို့ လမ်းမပေါ်တွင် စတင်စကားများခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိ၏ ဝန်ထမ်းများက ဒေါသအလျောက် စတင်ရန်ပြုမိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် နောင်တရမိပြီး ရန်ပွဲတွင် ပါဝင်သည့် မြန်မာလုပ်သား ၆ ဦးစလုံးကို အလုပ်ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူများနှင့် ထိုင်းပြည်သူလူထုကိုလည်း တရားဝင်တောင်းပန်စကား ဆိုခဲ့သည်။

Photo Courtesy of Red_Lotus_Alchemist@Reddit

ဘန်ဘိုခရိုင် အာဏာပိုင်များက စစ်ဆေးရာတွင် ဆိုင်မှာ တရားဝင်မှတ်ပုံတင်ထားသည်ဟု ဆိုသော်လည်း အခင်းဖြစ်ပွားချိန်တွင် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိမချင်း အဆိုပါစားသောက်ဆိုင်ကို အကန့်အသတ်မရှိ ပိတ်သိမ်းရန် အမိန့်ပေးခဲ့သည်။

အလားတူဖြစ်စဉ်မျိုး ပတ္တရား (Pattaya) မြို့တွင်လည်း ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သားတစ်စုက အမျိုးသားတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတင်လိုက်ရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ကြောင်း သိရသည်။

Source: Thaiger