လစာ ဒေါ်လာ ၅၀၀ ရမည်ဆိုပြီး လိမ်လည်ခံရသည့် မြန်မာ ၁၆ ဦး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးခံရ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီး၌ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊Sa Kaeo ခရိုင်၊ Aranyaprathet မြို့နယ်ရှိ Nong Prue ကျေးရွာအနီးတွင် Burapha စစ်ဆင်ရေးတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ ကင်းလှည့်တပ်ဖွဲ့နှင့် Khlong Nam Sai ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကင်းလှည့်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လယ်တောလမ်းအတွင်း မသင်္ကာဖွယ် လမ်းလျှောက်လာသည့် လူတစ်စုကို စစ်ဆေးရာမှ တရားဝင် အထောက်အထား တစ်စုံတစ်ရာ မရှိသော မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ရှိ အလုပ်အကိုင် ကြော်ငြာတစ်ခုတွင် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ရရှိမည့် သန့်ရှင်းရေးဝန်ထမ်း အလုပ်ခေါ်ယူမှုကို မြင်တွေ့ခဲ့ပြီးနောက် ဆက်သွယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ လာရောက်နိုင်ရန်အတွက် ပွဲစားဖြစ်သူများကို တစ်ဦးလျှင် ဘတ်ငွေ ၁၂,၀၀၀ စီ ပေးဆောင်ခဲ့ရပြီး ပစ်ကပ်ကားတစ်စီးဖြင့် နယ်စပ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဖမ်းဆီးစဉ်အတွင်း လမ်းပြနှင့် ပွဲစားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် Khlong Nam Sai ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Khaosod