ထိုင်းနိုင်ငံ၊ ပသုမ်ထာနီခရိုင် (Pathum Thani)၊ လမ်လုက္ကာ (Lam Luk Ka) နယ်မြေရှိ စွန့်ပစ်ထားသော အိမ်တစ်လုံးကို ပြုပြင်မွမ်းမံစဉ် အင်္ဂါနေ့က ဒုတိယထပ် မျက်နှာကြက်ပေါ်တွင် လူအရိုးစုတစ်ခုကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ အရိုးစုမှာ လွန်ခဲ့သော ၂ နှစ်ခန့်က ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၉ နှစ်အရွယ် ကမ္ဘောဒီးယား ဆောက်လုပ်ရေးလုပ်သား Maikheu Chhean ဖြစ်နိုင်သည်ဟု ယူဆရသည်။ အလောင်းအနီးရှိ အိတ်တစ်လုံးအတွင်းမှ ၎င်း၏အမည်ပါဝင်သော မှတ်ပုံတင်ကတ်ကို စုံစမ်းစစ်ဆေးရေးမှူးများက တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်မှာ မွန်းလွဲ ၃ နာရီခန့်တွင် အိမ်ပြုပြင်ရန် ငှားရမ်းခံရသည့် အသက် ၅၉ နှစ်အရွယ် အလုပ်သမား ဒေါ်ကန်ချနာ (Kanchana Charoenthong) က မျက်နှာကြက်ပေါက်ရှိ အမှိုက်များကို PVC ပိုက်ဖြင့် ထိုးဖောက်ရှင်းလင်းစဉ် လူဦးခေါင်းခွံတစ်ခု ပြုတ်ကျလာခြင်း ဖြစ်သည်။ ၎င်းက “ပိုက်နဲ့ ထိုးလိုက်တဲ့အချိန် ဦးခေါင်းခွံကြီး ပြုတ်ကျလာတော့ ကျွန်မ တော်တော်လေး လန့်သွားတယ်” ဟု ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။

အရိုးစုအနီးတွင် ဝိုင်ယာကြိုးဖြတ်သည့် ကတ်ကြေးတစ်လက်ကို တွေ့ရှိခဲ့ရပြီး ဝိုင်ယာကြိုးများ ဖြတ်တောက်ခံထားရသည့် သက်သေအထောက်အထားများလည်း ရှိနေသည်။ ထို့ကြောင့် အဆိုပါအမျိုးသားမှာ လူမနေသည့် အိမ်အတွင်းမှ ဝိုင်ယာကြိုးများကို ခိုးယူရန် ကြိုးပမ်းစဉ် ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
အိမ်နီးနားချင်းများ၏ ပြောပြချက်အရ အဆိုပါအိမ်မှာ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ပြီး ထိုဧရိယာတွင် ဝိုင်ယာကြိုးခိုးယူမှုများလည်း ခဏခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သော ၂ နှစ်က ထိုအမျိုးသား ပျောက်ဆုံးသွားစဉ် ၎င်း၏ မိသားစုဝင်များက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိသဖြင့် နောက်ဆုံးတွင် ကမ္ဘောဒီးယားသို့ ပြန်သွားခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အရိုးစုအား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် DNA စစ်ဆေးမှု ပြုလုပ်နေပြီး ကမ္ဘောဒီးယားရှိ ကျန်ရစ်သူမိသားစုဝင်များကို ဆက်သွယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
Source: Khaosod
