သံတမန်ရေး- ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များ K-pop သီချင်းများ တီးခတ်

ဂျပန်ဝန်ကြီးချုပ် Sanae Takaichi နှင့် တောင်ကိုရီးယားသမ္မတ Lee Jae Myung တို့သည် အင်္ဂါနေ့က ဝတ်စုံပြည့်များကို ချွတ်ကာ အပြာရောင် အားကစားဝတ်စုံများဖြင့် ကမ္ဘာကျော် K-pop သီချင်းများကို ဒရမ်တီးခတ်ရင်း နှစ်နိုင်ငံကြား ရင်းနှီးမှုကို ပြသခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် BTS အဖွဲ့၏ ကမ္ဘာကျော် “Dynamite” သီချင်းနှင့် Netflix ၏ “KPop Demon Hunters” ဇာတ်ကားမှ Golden Globe ဆုရ “Golden” သီချင်းတို့ကို ဂျပန်နိုင်ငံထုတ် နာမည်ကြီး Pearl ဒရမ်အစုံများဖြင့် တီးခတ်ခဲ့ကြသည်။

Heavy Metal ဂီတဝါသနာအိုးဖြစ်သူ ဝန်ကြီးချုပ် Takaichi သည် မနှစ်က APEC ထိပ်သီးအစည်းအဝေးတွင် သမ္မတ Lee ပြောခဲ့ဖူးသော “ဒရမ်တီးခြင်းသည် ငယ်ဘဝအိပ်မက်ဖြစ်သည်” ဆိုသည့် စကားကို မှတ်သားထားကာ ယခုကဲ့သို့ အံ့အားသင့်ဖွယ် အစီအစဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သမ္မတ Lee ကလည်း “ဒီနေ့ ကျွန်တော့်ရဲ့ တစ်သက်တာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ” ဟု ပြောကြားခဲ့သည်။

Photo Courtesy of CNN

ဤတွေ့ဆုံမှုသည် ဝန်ကြီးချုပ် Takaichi (ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်) ရာထူးရယူပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးကြား တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ ၎င်းတို့သည် –

စက်မှုလုပ်ငန်း ထောက်ပံ့မှုကွင်းဆက်များ (Supply Chains) နှင့် AI (Artificial Intelligence) နည်းပညာ၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

သမိုင်းကြောင်းဆိုင်ရာ တင်းမာမှုများထက် စီးပွားရေးနှင့် လုံခြုံရေးကို ပိုမိုဦးစားပေးသည့် လက်တွေ့ကျသော သံတမန်ရေးလမ်းစဉ်ကို ခေါင်းဆောင်နှစ်ဦးစလုံးက ကျင့်သုံးနေကြခြင်း ဖြစ်သည်။

သမ္မတ Lee သည် ဝန်ကြီးချုပ် Takaichi ၏ ခင်ပွန်းအတွက် ကိုရီးယားရိုးရာ လက်လုပ် ယွန်းထည် ထမင်းစားပွဲသုံး ပစ္စည်းများ (ဝန်ကြီးချုပ်၏ ခင်ပွန်းက ချက်ပြုတ်ကျွေးမွေးမည်ဟု ကတိပေးခဲ့ဖူးခြင်းကို အမှတ်ရစေရန်)၊ ကျန်းမာရေး စောင့်ကြည့်နိုင်သည့် Samsung Galaxy Watch Ultra တစ်လုံးတို့ကို လက်ဆောင်ပေးခဲ့သည်။

Source: CNN