တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည့် ထိုင်းအက်ရှင်မင်းသားကြီး တိုနီဂျာသည် သည်းခြေအိတ်ကင်ဆာဝေဒနာကို လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တိတ်တဆိတ် ကုသမှုခံယူနေရကြောင်း သတင်းများ ထွက်ပေါ်လာသည့်အတွက် ပရိသတ်များက အထူးစိုးရိမ်ပူပန်လျက်ရှိပါသည်။ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော မင်းသား တိုနီဂျာသည် လတ်တလောတွင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရှိရသည့်အတွက် ပရိသတ်များအကြား ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့ရာမှ ၎င်းနှင့် နီးစပ်သူတစ်ဦးက အခြေအနေမှန်ကို ယခုကဲ့သို့ အတည်ပြု ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
မင်းသား တိုနီဂျာသည် သည်းခြေအိတ်ကင်ဆာ တတိယအဆင့်ကို ခံစားနေရခြင်းဖြစ်ပြီး ဝမ်းဗိုက်ပိုင်း ပြင်းထန်စွာ နာကျင်ခြင်းနှင့် မျက်လုံး၊ အရေပြားများ ဝါဝင်းလာသည့် လက္ခဏာများကြောင့် စတင်ဆေးကုသမှု ခံယူခဲ့ရခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးဖြစ်သလို ကီမိုဆေးသွင်းကုသမှုများကိုလည်း အဆက်မပြတ် ခံယူလျက်ရှိကြောင်း သိရပါသည်။
ဝမ်းမြောက်ဖွယ် သတင်းကောင်းတစ်ခုမှာ မင်းသားကြီး၏ ကျန်းမာရေးအခြေအနေသည် ယခင်ကထက် များစွာတိုးတက်ကောင်းမွန်လာပြီး နေ့စဉ်လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်နိုင်သည်အထိ ကြံ့ခိုင်မှု ရှိလာပြီ ဖြစ်ပါသည်။ ဖော်ရီးယပ်စ် ဆဲဗင်း (Furious 7) အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားကြီးများဖြင့် အောင်မြင်မှုရရှိထားသည့် အက်ရှင်မင်းသားကြီး အမြန်ဆုံး အရှင်းပျောက်ကင်းစေရန် တစ်ကမ္ဘာလုံးရှိ ပရိသတ်များက ဆုတောင်းမေတ္တာများ ပို့သပေးလျက်ရှိပါသည်။
Source: Khaosod English
