နှစ်ပေါင်း ၅၀ ကျော်ကြာမှ လကမ္ဘာဆီ လူသားတွေ ပြန်လည်ခြေချနိုင်ဖို့ NASA ရဲ့ Artemis II မစ်ရှင်က အခုဆိုရင် တကယ့်ကို အရေးပါတဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။ ဒီခရီးစဉ်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူး ၄ ဦးစလုံးဟာလည်း ဖလော်ရီဒါပြည်နယ်က Kennedy Space Center လွှတ်တင်ရေးစခန်းကို ရောက်ရှိနေကြပြီဖြစ်လို့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေက တော်တော်လေး အရှိန်ရနေပြီလို့ ပြောရမှာပါ။
တကယ်တော့ ဒီခရီးစဉ်ဟာ လောင်စာဆီယိုစိမ့်တာနဲ့ တခြားစက်မှုပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ၂ လကျော်လောက် ကြန့်ကြာခဲ့ရတာပါ။ အခုတော့ NASA အနေနဲ့ အားလုံးကို အကောင်းဆုံး ပြန်လည်စစ်ဆေးပြီးပြီဖြစ်လို့ လာမယ့် ဧပြီလဆန်းပိုင်းမှာ အစောဆုံးလွှတ်တင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီ ၁၀ ရက်တာ ခရီးစဉ်ဟာ လကမ္ဘာကို ပတ်ပြီး အရှိန်ယူကာ ကမ္ဘာမြေဆီ ပြန်လည်ကွေ့ဆင်းလာမယ့် ပုံစံမျိုးဖြစ်ပြီး အာကာသယာဉ်မှူးတွေရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထား စီမံထားတာလည်း ဖြစ်ပါတယ်။

ဒီမစ်ရှင်ရဲ့ ထူးခြားချက်ကတော့ ၁၉၇၂ ခုနှစ် Apollo 17 နောက်ပိုင်း လူသားတွေ လကမ္ဘာဆီ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်တာတင်မကဘဲ အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးတွေ၊ လူမျိုးစုစုံလင်သူတွေနဲ့ ကနေဒါနိုင်ငံသား အာကာသယာဉ်မှူးတို့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါဟာ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာဖြစ်သလို နောင်တစ်ချိန် အင်္ဂါဂြိုဟ်အထိ ခရီးဆန့်နိုင်ဖို့အတွက်လည်း အလွန်အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာပါ။
Source; Thairath
