ပါလက်စတိုင်းဒေသ၏ မြောက်ပိုင်းတွင်ရှိသော ဂါဇာမြို့ကို အစ္စရေး စစ်တပ်က စစ်ရေးအရ သိမ်းပိုက်ရန် စီမံကိန်းကို အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နီတန်ယာဟု (Benjamin Netanyahu) က တင်ပြရာတွင် အစ္စရေး လုံခြုံရေးအဖွဲ့က အတည်ပြုခဲ့သည်။
“အစ္စရေး စစ်တပ်က ဂါဇာမြို့ကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး တိုက်ပွဲနယ်မြေပြင်ပက အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးသွားမှာပါ” ဟု Netanyahu’s ရုံးက သောကြာနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
အစ္စရေးအစိုးရသတင်းရင်းမြစ်နှစ်ခုက Reuters news သတင်းဌာနကို ပြောကြားရာတွင် လုံခြုံရေးအဖွဲ့၏ မည်သည့်ဆုံးဖြတ်ချက်မဆို အစိုးရအဖွဲ့တစ်ခုလုံး၏ အတည်ပြုချက်ကို လိုအပ်ပြီး ယင်းအစည်းအဝေးကို တနင်္ဂနွေနေ့အထိ ကျင်းပမည်မဟုတ်ဟု ဆိုပါသည်။
United Kingdom ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က အစ္စရေး၏ ဂါဇာအပေါ် တိုက်ခိုက်မှုအစီအစဉ်ကို “မှားယွင်းသည်” ဟု ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်က ဒီပဋိပက္ခကို အဆုံးသတ်စေဖို့ ဒါမှမဟုတ် ဓားစာခံတွေကို လွတ်မြောက်စေဖို့ ဘာမှအထောက်အကူမပြုနိုင်ပါဘူး။ အထိအခိုက် ပိုများလာစေမှာပါ” ဟု ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစီအစဉ်ကို လုံခြုံရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း ပထမဆုံးသတင်းတင်ခဲ့သည့် Axios သတင်းထောက် ဘာရက် ရာဗစ် (Barak Ravid) က အမည်မဖော်လိုသော အစ္စရေးအရာရှိတစ်ဦး၏ ပြောစကားကို ကိုးကား၍ “ပါလက်စတိုင်းအရပ်သားအားလုံးကို ဂါဇာမြို့ကနေ ဗဟိုစခန်းတွေနဲ့ တခြားဒေသတွေကို အောက်တိုဘာလ (၇) ရက်နေ့အထိ အတင်းအကျပ်ရွှေ့ပြောင်းစေရမယ်” ဟု ရေးသားခဲ့သည်။
“ဂါဇာမြို့မှာ ကျန်ရှိနေတဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို ဝိုင်းရံထားပြီး တစ်ချိန်တည်းမှာပဲ ဂါဇာမြို့မှာ မြေပြင်ထိုးစစ်တစ်ခု ဆင်နွှဲသွားမှာပါ” ဟု ရာဗစ်က X တွင် ရေးသားခဲ့ပြီး အဆိုပါအရာရှိ၏ ပြောကြားချက်ကို ကိုးကားခဲ့သည်။
ကြာသပတေးနေ့က လုံခြုံရေးအဖွဲ့အစည်းအဝေးမတိုင်မီတွင် နီတန်ယာဟုက အစ္စရေးသည် “ဂါဇာတစ်ခုလုံးကို ထိန်းချုပ်လိမ့်မည်” ဟု ပြောကြားခဲ့သည်။

အမေရိကန်သတင်းဌာန Fox News နှင့် ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် နီတန်ယာဟုက အစ္စရေး သည် ဂါဇာတွင် “အုပ်ချုပ်ရေးအဖွဲ့” တစ်ခုဖြစ်လိုခြင်းမရှိဘဲ အမည်မဖော်ထားသည့် တတိယအဖွဲ့အစည်းတစ်ခုသို့ တာဝန်လွှဲပြောင်းပေးမည်ဟုလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဲဒါကို သိမ်းထားချင်တာမဟုတ်ဘူး။ လုံခြုံရေးနယ်နိမိတ်တစ်ခု ရှိစေချင်တယ်။ အဲဒါကို အုပ်ချုပ်ချင်တာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
နီတန်ယာဟု၏ မှတ်ချက်များသည် အစ္စရေးခေါင်းဆောင်သည် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အပြည့်အဝသိမ်းပိုက်ရန် စီစဉ်နေကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးမီယာများက သတင်းတင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးတိုက်အခံခေါင်းဆောင် ရာအိရ် လာပစ် (Yair Lapid) က ဂါဇာမြို့ကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက်သည် “ဘေးအန္တရာယ်များစွာကို ဦးတည်သွားစေမည့် ဘေးအန္တရာယ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်သည် “လပေါင်းများစွာကြာမြင့်မည်ဖြစ်ပြီး ဓားစာခံများ သေဆုံးစေမည်၊ စစ်သားများစွာကို သေစေမည်၊ ဣသရေလအခွန်ထမ်းများအတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံရေးပြိုလဲမှုဆီသို့ ဦးတည်သွားစေမည်” ဟု X တွင် ရေးသားခဲ့သည်။
“ဒါက ဟားမတ်စ်လိုချင်တာ အတိအကျပါပဲ- ဘာရည်မှန်းချက်မှမရှိဘဲ၊ နောက်တစ်နေ့ရဲ့ပုံရိပ်ကို သတ်မှတ်ခြင်းမရှိဘဲ၊ ဘယ်ကိုဦးတည်နေမှန်းမသိတဲ့ အသုံးမဝင်တဲ့ သိမ်းပိုက်မှုတစ်ခုမှာ အစ္စရေးကို ပိတ်မိစေဖို့ပါပဲ” ဟု ဆိုသည်။
အယ်လ်ဂျာဇီးယား၏ ဝါရှင်တန်ဒီစီမှ သတင်းထောက် ရှိဟာဘ် ရတ်တန်ဆီ (Shihab Rattansi) က ဣသရေလ၏ ဂါဇာသိမ်းပိုက်ရန်ရွေ့လျားမှုကို “ရက်ပေါင်းများစွာကတည်းက သတင်းပို့ထားတာပါ” ဟု ပြောကြားခဲ့သည်။
“ဒေါ်နယ် ထရမ့်ပ် (Donald Trump) က ဘင်ယာမင် နီတန်ယာဟု လုပ်ချင်တာမှန်သမျှကို ခွင့်ပြုပြီးသားဖြစ်ပါတယ်။ အစ္စရေးတွေအပေါ်မှာပဲ မူတည်တယ်လို့ သူပြောခဲ့တယ်” ဟု ရတ်တန်ဆီက ပြောကြားခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပါလက်စတိုင်းလူမျိုး ၆၁,၀၀၀ ကျော် သေဆုံးခဲ့သည့်နောက်ပိုင်း ဂါဇာမြို့တွင် လူမည်မျှနေထိုင်နေသည်ကို မရှင်းမလင်းဖြစ်နေကြောင်း သိရှိရပါတယ်။
ဂါဇာမြို့တွင် အဓိကမြေပြင်စစ်ဆင်ရေးတစ်ခုသည် လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းစေနိုင်ပြီး အငတ်ဘေးကြုံနေရသောဒေသသို့ အစားအစာပို့ဆောင်ရေးကြိုးပမ်းမှုများကို ထပ်မံနှောင့်ယှက်နိုင်သည်။ ယင်းဒေသတွင် လူပေါင်း ၂၀၀ နီးပါးသည် အငတ်ဘေးနှင့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ပြီးဖြစ်ပါသည်။
မြို့ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း ကြားသိရသောအခါ ဂါဇာဒေသခံ မေဆာ အယ်လ်-ဟေလာ (Maysaa al-Heila) က “သိမ်းပိုက်စရာ ဘာမှမကျန်တော့ဘူး” ဟု ပြောကြားခဲ့သည်။
“ဂါဇာဆိုတာ မရှိတော့ဘူး” ဟု အယ်လ်-ဟေလာက Associated Press သတင်းဌာနကို ပြောကြားခဲ့ပါသည်။
Source: Al Jazeera