အမေရိကန်က ထိုင်းနိုင်ငံကို ငွေကြေးစောင့်ကြည့်စာရင်းထဲ ထည့်သွင်း

ဝါရှင်တန်ဒီစီရှိ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ထိုင်းနိုင်ငံကို ၎င်းတို့၏ ငွေကြေးစောင့်ကြည့်စာရင်းထဲသို့ ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ထိုင်းနိုင်ငံသည် အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအနက် ငွေကြေးလဲလှယ်နှုန်းကို မသမာသောနည်းဖြင့် ကြိုးကိုင်မှု ရှိ၊ မရှိ စစ်ဆေးခံရမည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်နိုင်ငံကို စောင့်ကြည့်စာရင်းသွင်းရန် စံသတ်မှတ်ချက် ၃ ခု ကို အသုံးပြုပြီး၊ ထိုင်းနိုင်ငံသည် ထိုအချက်များအနက် ၂ ချက် နှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည် –

၁။ အမေရိကန်နှင့် ကုန်သွယ်မှု ပိုလျှံခြင်း (Bilateral Trade Surplus): အနည်းဆုံး ဒေါ်လာ ၁၅ ဘီလီယံ ရှိရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသည် ဒေါ်လာ ၅၄ ဘီလီယံ အထိ ပိုလျှံနေသည်။

၂။ လက်ရှိစာရင်း ပိုလျှံခြင်း (Current Account Surplus): GDP ၏ ၃% ထက် ကျော်လွန်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသည် ၃.၈% အထိ ရှိနေသည်။

မှတ်ချက်။ ။ တတိယအချက်ဖြစ်သည့် ငွေကြေးတန်ဖိုးကို တမင်သက်သက် ထိန်းချုပ်ခြင်း (Currency Intervention) တွင်မူ ထိုင်းနိုင်ငံသည် ၂% အောက် (၀.၉% သာရှိ) သောကြောင့် ဤအချက်နှင့် မကိုက်ညီသေးပါ။ ထို့ကြောင့် ထိုင်းနိုင်ငံကို “ငွေကြေးကြိုးကိုင်သည့်နိုင်ငံ” (Currency Manipulator) အဖြစ်မူ သတ်မှတ်ခြင်း မခံရသေးပါ။

လက်ရှိ စောင့်ကြည့်စာရင်းတွင် ထိုင်းနိုင်ငံနှင့်အတူ အောက်ပါနိုင်ငံများ ပါဝင်နေသည် –

  • အာရှ: တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဗီယက်နမ်။
  • ဥရောပ: ဂျာမနီ၊ အိုင်ယာလန်၊ ဆွစ်ဇာလန်။

ထိုင်းနိုင်ငံသည် ၂၀၂၀-၂၀၂၁ ခုနှစ် (ကိုဗစ်ကာလ) ကလည်း ဤစာရင်းထဲတွင် ပါဝင်ခဲ့ဖူးသည်။ ယခုတစ်ကြိမ် ပြန်လည်ပါဝင်လာခြင်းကြောင့် အမေရိကန်က ထိုင်းနိုင်ငံ၏ ဗဟိုဘဏ်လုပ်ဆောင်ချက်များနှင့် ငွေကြေးလဲလှယ်နှုန်း မူဝါဒများကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။ သို့သော် လောလောဆယ်တွင် စီးပွားရေးပိတ်ဆို့မှုကဲ့သို့သော ပြင်းထန်သည့် အရေးယူမှုမျိုး မရှိသေးဘဲ ပွင့်လင်းမြင်သာမှုရှိရန် ဆွေးနွေးမှုများသာ ပြုလုပ်သွားမည်ဖြစ်သည်။

Source: Khaosod