အမေရိကန်က ထိုင်းနှင့် မြန်မာအပါအဝင် ၇၅ နိုင်ငံကို လူဝင်မှုဗီဇာ ထုတ်ပေးခြင်း ယာယီရပ်ဆိုင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်အခွန်ထမ်းတွေရဲ့ ပိုက်ဆံနဲ့ ထောက်ပံ့နေရတဲ့ အစိုးရအကူအညီ (Public Assistance) တွေကို အလွန်အကျွံ ရယူသုံးစွဲနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အဓိကပစ်မှတ်ထားပြီး ခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ဟာ လူဝင်မှုဗီဇာ (Immigrant Visa) ခေါ် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေကိုသာ သက်ရောက်တာ ဖြစ်ပါတယ်။ လျှောက်လွှာတင်ခြင်းနဲ့ အင်တာဗျူးဖြေခြင်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ပေမဲ့ ဒီယာယီရပ်ဆိုင်းထားစဉ်အတွင်းမှာတော့ ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။အမေရိကန်ကို ရောက်လာမယ့်သူတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ် (Self-sufficient) ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒအရ အစိုးရရဲ့ လူမှုဖူလုံရေး အကူအညီတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

ထိုင်းနိုင်ငံသာမက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ရုရှားနဲ့ အီရန် စတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံ ပါဝင်နေပါတယ်။ အမေရိကန်မိသားစုတွေက မွေးစားမယ့်ကလေးတွေ၊ စာရင်းထဲမှာမပါတဲ့ တခြားနိုင်ငံသား Passport ပါရှိတဲ့ နှစ်နိုင်ငံနိုင်ငံသားဖြစ်သူတွေနဲ့ National Interest Exceptions (နိုင်ငံတော်အကျိုးစီးပွားဆိုင်ရာ ခြွင်းချက်) ရရှိထားသူတွေကတော့ ဗီဇာ ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

သက်ဆိုင်သူတွေအနေနဲ့ မိမိတို့ဟာ ခြွင်းချက်နဲ့ အကျုံးဝင်သလားဆိုတာကို သေချာစစ်ဆေးဖို့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ကြဖို့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

Source;Khaosod English