အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးအတော်များများမှာ သမ္မတ ဒေါ်နယ်ထရန့် အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်တဲ့ “No Kings” လူထုဆန္ဒပြပွဲတွေ တတိယအကြိမ်မြောက်အဖြစ် အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ အီရန်စစ်ပွဲ၊ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို မကျေနပ်ကြတဲ့ လူပေါင်း (၈) သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။ ဆန္ဒပြပွဲ စီစဉ်သူတွေက “ထရန့်ဟာ အာဏာရှင်တစ်ယောက်လို အုပ်ချုပ်ချင်နေပေမဲ့ အမေရိကန်ရဲ့ အာဏာဟာ ဘုရင်လိုချင်သူတွေနဲ့ သူတို့ရဲ့ ဘီလျံနာ သူငယ်ချင်းတွေဆီမှာ မရှိဘဲ ပြည်သူတွေဆီမှာပဲ ရှိတယ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။

ဝါရှင်တန်ဒီစီ အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာသာမက လန်ဒန်နဲ့ ပါရီလို ပြည်ပမြို့ကြီးတွေမှာပါ ကန့်ကွက်မှုတွေ ရှိခဲ့ပြီး၊ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေရဲ့ လက်ချက်ကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦးသေဆုံးခဲ့ရတဲ့ မင်နီဆိုတာပြည်နယ်မှာတော့ နာမည်ကျော် အနုပညာရှင်တွေနဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်တန်းဆန္ဒပြပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဘက်ကတော့ “ဒါဟာ သတင်းထောက်တွေပဲ စိတ်ဝင်စားတဲ့ ထရန့်အပေါ် စိတ်ကမောက်ကမဖြစ်မှုကို ကုသနေတဲ့ အစီအစဉ်တွေသာ ဖြစ်တယ်” လို့ လှောင်ပြောင်တုံ့ပြန်ခဲ့ပါတယ်။ သမ္မတထရန့်ကိုယ်တိုင်ကလည်း သူ့အပေါ် ဝေဖန်သူတွေဟာ ရာဇဝတ်မှုမြောက်တဲ့ စကားတွေကို ပြောဆိုနေကြတာလို့ ဆိုရှယ်မီဒီယာကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆန္ဒပြပွဲအချို့မှာတော့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပြီး လော့စ်အိန်ဂျလိစ်မြို့မှာ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပေါက်တာတွေကြောင့် ဖမ်းဆီးမှုတွေ ရှိခဲ့သလို၊ ဒါးလက်စ်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ဆန့်ကျင်ဘက်အုပ်စုတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာပြီးနောက် သမ္မတထရန့်ဟာ သမ္မတအာဏာကို အလွန်အကျွံသုံးစွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမဲ့၊ သူကတော့ ဒါဟာ အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ချက်သာဖြစ်ပြီး သူဟာ ဘုရင်တစ်ပါးမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
Source; BBC
