ဒီဖြစ်စဉ်ဟာ ဘန်ပကောင်း (Bangpakong) နယ်မြေ၊ ကီလိုမီတာ ၃၇ အနီး၊ ချွန်ဘူရီ (Chonburi) ဘက်အဝင် လမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းကြောင်းအားလုံး ပိတ်ဆို့သွားတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
ညနေ ၄ နာရီခွဲခန့်မှာ အရှိန်နဲ့ မောင်းနှင်လာတဲ့ ၂၂ ဘီး ကုန်တင်ကားဟာ ရှေ့က ယာဉ်ကြောပိတ်လို့ အရှိန်လျှော့ထားတဲ့ ကားတန်းကြီးကို ဘရိတ်မမိဘဲ ဝင်တိုက်ခဲ့တာပါ။ အဖြူရောင် ၄ ဘီးကုန်တင်ကားငယ်တစ်စီးဟာ အပိုင်းပိုင်းပြတ်ထွက်သွားတဲ့အထိ ပျက်စီးခဲ့သလို၊ အလုပ်သမားကြိုပို့ဗင်ကား ၂ စီးနဲ့ ကိုယ်ပိုင်ကား ၃ စီး၊ စုစုပေါင်း ယာဉ် ၇ စီး ဆင့်ကဲတိုက်မိခဲ့ပါတယ်။

စုစုပေါင်း လူ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၄ ဘီးကားမောင်းသူ အသက် ၅၅ နှစ်အရွယ် အမျိုးသားဟာ ကားအပြင်ဘက်ကို လွင့်စင်ထွက်သွားပြီး စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့သလို၊ ၂၂ ဘီးကားမောင်းသူ အသက် ၂၇ နှစ်အရွယ် လူငယ်ကတော့ ကားခေါင်းခန်းထဲမှာ ညှပ်နေလို့ ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ထုတ်ခဲ့ရပါတယ်။ ဒဏ်ရာရရှိသူ ၁၄ ဦးကို Chularat 11 ဆေးရုံနဲ့ ၂ ဦးကို ဘန်ပကောင်းဆေးရုံတို့ဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။
ဒီမတော်တဆမှုကြောင့် အမြန်လမ်းပေါ်က လမ်းကြောအားလုံး ပိတ်သွားခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့ လမ်းပေါ်က အပျက်အစီးတွေကို ရှင်းလင်းဖို့ ၁ နာရီနီးပါး အချိန်ယူခဲ့ရပါတယ်။
Source; Thairath English
