ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အရက်သေစာ ထိန်းချုပ်ရေး ဥပဒေအသစ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ ဤဥပဒေအရ စားသောက်ဆိုင်များ သို့မဟုတ် စီးပွားရေးလုပ်ငန်းသုံး နေရာများတွင် သတ်မှတ်ထားသော တားမြစ်ချိန်များဖြစ်သည့် သန်းခေါင်ယံ (ည ၁၂ နာရီ) မှ နံနက် ၁၁ နာရီအထိနှင့် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်သေစာ သောက်သုံးခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်ပါက အမြင့်ဆုံး ဘတ် ၁၀,၀၀၀ အထိ အုပ်ချုပ်ရေးဆိုင်ရာ ဒဏ်ငွေများ ချမှတ်ခံရမည်။
အရက်ထိန်းချုပ်ရေး ကော်မတီရုံး ညွှန်ကြားရေးမှူး ဒေါက်တာ Nipon Chinanonwet (နိပွန် ချီနန်နွန်ဝေ့) က ထိုင်းနိုင်ငံသည် ဥပဒေအရ နောက်ဆက်တွဲ စည်းမျဉ်းများ (sub-regulations) မထုတ်ပြန်ရသေးသည့်အတွက် လက်ရှိတွင် အကူးအပြောင်းကာလ တွင် ရှိနေကြောင်း ရှင်းပြခဲ့သည်။

“အာဏာပိုင်တွေအနေနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကို သတိထားအသုံးပြုဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ လက်ရှိမှာတော့ ချက်ချင်း ဒဏ်ငွေရိုက်တာထက် ပညာပေးတာနဲ့ သတိပေးတာကို အဓိကထားပါတယ်။ ဒါပေမဲ့ ထပ်ခါတလဲလဲ ကျူးလွန်ရင်တော့ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ဒေါက်တာနိပွန်က ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အရာရှိများသာ ဒဏ်ငွေ ချမှတ်ရန် ခွင့်ပြုထားပြီး ဒဏ်ငွေအားလုံးကို နိုင်ငံတော် ဘဏ္ဍာတိုက်သို့ ပေးသွင်းရမည်ဖြစ်သည်။ “နောက်ဆက်တွဲ စည်းမျဉ်းတွေ အတည်မပြုရသေးမချင်း ရဲတပ်ဖွဲ့မှာ ဒဏ်ငွေ ချမှတ်ဖို့ အခွင့်အာဏာ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
Source: Nation Thailand
