အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင်ဟူသီအဖွဲ့ဟာ စနေနေ့မှာ အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို၊ အမေရိကန်ဘက်ကလည်း စစ်ရေးအင်အား တိုးမြှင့်လိုက်တာကြောင့် တင်းမာမှုတွေ အထူးမြင့်တက်နေပါတယ်။
ယီမင်ဟူသီအဖွဲ့ဟာ ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံဆီကို ဒုံးကျည်နဲ့ နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ စီးဆင်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့နေမှုအပြင် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် ခြိမ်းခြောက်မှုအသစ် ဖြစ်လာစေပါတယ်။ အမေရိကန်ဟာ မရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အရှေ့အလယ်ပိုင်းကို စေလွှတ်လိုက်ပြီး ပထမအသုတ်ဟာ သောကြာနေ့မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ အီရန်မှာ ရက်သတ္တပတ်ပေါင်းများစွာကြာမယ့် မြေပြင်စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစ္စရေးက အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အစိုးရအဆောက်အအုံတွေကို ဗုံးကြဲခဲ့သလို၊ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့တွေကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လက်ဘနွန်သတင်းထောက် ၃ ဦးနဲ့ ကယ်ဆယ်ရေးသမားအချို့ သေဆုံးခဲ့ပါတယ်။ အီရန်ဘက်ကလည်း ဆော်ဒီအာရေဗျရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေနဲ့ ရေလက်ကြားကို ပြန်မဖွင့်ရင် စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပေမဲ့ ဆွေးနွေးဖို့အတွက် နောက်ထပ် ၁၀ ရက် ထပ်မံအချိန်ပေးထားပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာတော့ စစ်ပွဲကို ဆန့်ကျင်တဲ့ ထရန့်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေပါတယ်။
အစ္စရေးက အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတာကြောင့် ရုရှားနျူကလီးယားကော်ပိုရေးရှင်း (Rosatom) က ဒါဟာ နျူကလီးယားဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ တစ်ဖက်မှာတော့ အီရန်က ပါကစ္စတန်နဲ့ အိန္ဒိယသင်္ဘောအချို့ကို ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုဖို့ သဘောတူညီထားပါတယ်။
Source;Bangkok Post
