အာဖဂန်နစ္စတန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၀၀ ကျော် သေဆုံး

ဂျာလာလာဘတ် (အာဖဂန်နစ္စတန်) – အာဖဂန်နစ္စတန်နိုင်ငံတွင် ပြင်းအားမြင့်မားသော ငလျင်တစ်ခုနှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် အိမ်များပြိုကျကာ လူ ၆၀၀ ကျော် သေဆုံးခဲ့သဖြင့် အကြီးစားကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ငလျင်သည် သန်းခေါင်ယံမတိုင်မီလေးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကဘူးလ်မြို့မှ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်သော အစ္စလာမာဘတ်အထိ အဆောက်အအုံများ တုန်ခါခဲ့သည်။

နိုင်ငံ၏ အရှေ့ပိုင်း၊ ငလျင်ဗဟိုချက်အနီးတွင် “ကူနာပြည်နယ်၌ လူ ၆၁၀ သေဆုံးပြီး ၁,၃၀၀ ဒဏ်ရာရရှိခဲ့ကာ အိမ်များစွာ ပျက်စီးခဲ့သည်” ဟု ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မာတင် ခါနီ (Abdul Mateen Qani) က AFP သို့ ပြောကြားခဲ့သည်။အိမ်နီးချင်း နန်ဂါဟာပြည်နယ်တွင်မူ လူ ၁၂ ဦး သေဆုံးပြီး ၂၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“အရှေ့ပိုင်းဒေသကို ထိမှန်ပြီး လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲစရာ ငလျင်ကြောင့် အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂဟာ အလွန်ဝမ်းနည်းမိပါတယ်” ဟု ကုလသမဂ္ဂက X (ယခင် Twitter) တွင် ပြောကြားခဲ့ပြီး ၎င်းတို့အဖွဲ့များသည် “အရေးပေါ်အကူအညီများနှင့် အသက်ကယ်ပံ့ပိုးမှုများ ပေးအပ်ရန်” ကွင်းဆင်းရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (US Geological Survey) ၏အဆိုအရ ငလျင်၏ဗဟိုချက်သည် နန်ဂါဟာပြည်နယ်ရှိ ဂျာလာလာဘတ်မြို့မှ ၂၇ ကီလိုမီတာအကွာတွင်ရှိပြီး၊ ၎င်း၏အတိမ်အနက်မှာ ၈ ကီလိုမီတာသာရှိသည်။ အတိမ်ပိုင်းငလျင်များသည် အနက်ပိုင်းငလျင်များထက် ပိုမိုပျက်စီးဆုံးရှုံးစေတတ်သည်။

◾ငလျင် မကြာခဏလှုပ်ခတ်မှု

ညပိုင်းတစ်လျှောက်လုံးတွင်လည်း နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး၊ နံနက် ၄:၀၀ နာရီ (တနင်္ဂနွေနေ့ ည ၁၁:၃၀ GMT) အလွန်တွင် ပြင်းအား ၅.၂ ရှိသော ငလျင်တစ်ခုလည်း ပါဝင်ခဲ့သည်။

အာဖဂန်နစ္စတန်သည် အထူးသဖြင့် ယူရေရှားနှင့် အိန္ဒိယဘူမိများ ဆုံရာအနီးရှိ ဟိန္ဒူကွတ်ရှ် တောင်တန်းဒေသတွင် ငလျင်လှုပ်ခတ်မှု မကြာခဏကြုံတွေ့ရလေ့ရှိသည်။

နန်ဂါဟာပြည်နယ်တွင် သောကြာနေ့ညမှ စနေနေ့အထိ ရေကြီးမှုများလည်း ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးကာ သီးနှံများနှင့် ပစ္စည်းဥစ္စာများ ပျက်စီးခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြင်းအား ၅.၉ ရှိသော ငလျင်တစ်ခုသည် အရှေ့ပိုင်းနယ်စပ်ပြည်နယ်ဖြစ်သည့် ပတ်တီကာကို လှုပ်ခတ်ခဲ့ရာ လူ ၁,၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဆယ်စုနှစ်လေးခုကြာ စစ်ပွဲဒဏ်ခံထားရသည့် အာဖဂန်နစ္စတန်သည် လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ တာလီဘန်များ ပြန်လည်ရောက်ရှိလာပြီးနောက် အာဖဂန်နစ္စတန်သို့ နိုင်ငံခြားအကူအညီများ သိသိသာသာ လျော့နည်းသွားခဲ့ရာ ဆင်းရဲနွမ်းပါးနေပြီးသား နိုင်ငံ၏ ဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ပြင်းအား ၇.၅ ရှိသော ငလျင်တစ်ခုကြောင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် လူ ၃၈၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ပါကစ္စတန်တွင် ဖြစ်ခဲ့သည်။ ထိုဘေးအန္တရာယ်အတွင်း အာဖဂန်နစ္စတန်မှ အသက်ငယ်ရွယ်သည့် မိန်းကလေး ၁၂ ဦးသည် တုန်ခါနေသော ကျောင်းအဆောက်အအုံမှ ထွက်ပြေးရန် ကြိုးစားရာတွင် လူအုပ်နင်းမိ၍ သေဆုံးခဲ့ရပါသည်။

Source: Bangkok Post