ထိုင်းနိုင်ငံ၊ ကန်ချနာပူရီခရိုင်၊ Bo Phloi မြို့နယ်၌ အိမ်မွေးခြင်္သေ့တစ်ကောင် လွတ်မြောက်လာပြီးနောက် စနေနေ့ညပိုင်းက ရွာသား ၂ ဦးကို ကိုက်ချီခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် စနေနေ့ (စက်တင်ဘာ ၂၉) ည ၈ နာရီခန့်တွင် Tambon Nong Kum ကျေးရွာ၊ Moo 8 ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများ မှာ အသက် ၁၁ နှစ်အရွယ် Arthit Nueangnui သည် တင်ပါးကို ကိုက်ခံရခြင်းနှင့် ခြစ်ရာများရရှိခဲ့ခြင်း၊ နှင့် အသက် ၄၃ နှစ်အရွယ် Sarawut Tokaeo သည် ခြေထောက်တွင် ခြစ်ရာများရရှိခဲ့ခြင်းတို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးကို ဆေးရုံတွင် ကုသပေးခဲ့ပြီး ထိုညတွင်ပင် ဆေးရုံမှ ဆင်းသွားခဲ့သည်။တိုက်ခိုက်မှုသည် အများပြည်သူဆိုင်ရာ လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခြင်္သေ့ပိုင်ရှင်မှာ အသက် ၃၂ နှစ်အရွယ် Parinya Parkpoom ဖြစ်ပြီး ဒဏ်ရာရသူများနှင့် ရွာတစ်ရွာတည်းသားများဖြစ်သည်။ Parinya သည် ဆိုရှယ်မီဒီယာလွှမ်းမိုးသူ (social media influencer) တစ်ဦးဖြစ်ပြီး ခြင်္သေ့အပါအဝင် ၎င်း၏ ထူးခြားဆန်းပြားသော အိမ်မွေးတိရစ္ဆာန်များ အကြောင်းကို မကြာခဏ ဝေမျှလေ့ရှိသူဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Athapol Charoenshunsa ၏ ပြောကြားချက်အရ အရာရှိများက အောက်တိုဘာလ ၃ ရက်နေ့တွင် ခြင်္သေ့လှောင်အိမ်၏ လုံခြုံရေးကို မြှင့်တင်ရန် ပိုင်ရှင်ကို အမိန့်ပေးခဲ့သော်လည်း အဆိုပါဖြစ်ရပ်မှာ ပြုပြင်မှုများ မပြီးစီးမီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခြင်္သေ့ပိုင်ရှင် Parinya က လှောင်အိမ်ပြုပြင်နေစဉ် ၎င်း၏ အသက်တစ်နှစ်အရွယ် ခြင်္သေ့မ ကို သံတိုင်တွင် သံကြိုးဖြင့် ချည်ထားခဲ့သော်လည်း လွတ်သွားခဲ့ကြောင်း ရှင်းပြသည်။ ည ၈ နာရီခန့်တွင် လူများ အော်ဟစ်နေသံကို ကြားရပြီး ၎င်း၏ခြင်္သေ့ကို လမ်းပေါ်၌ တွေ့ရှိခဲ့ရာမှ ပြန်လည်ချည်နှောင်ခဲ့ခြင်းဖြစ်သည်။
ခြင်္သေ့ပိုင်ရှင်သည် ၎င်း၏တိရစ္ဆာန်ကို Chachoengsao မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားပြီး မိုက်ခရိုချစ်ပ် တပ်ဆင်ထားသည်ဟု သိရသည်။
သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Suchart Chomklin က အမိန့်ပေးခဲ့သည့်အတိုင်း ခြင်္သေ့ကို ပိုင်ရှင်ထံမှ သိမ်းယူမည်ဖြစ်ပြီး Suphan Buri ပြည်နယ်ရှိ Bungchawak Wildlife Extension Centre တွင် ထားရှိမည်ဖြစ်သည်။
ထိုင်းဥပဒေအရ တောရိုင်းတိရစ္ဆာန်ကို သင့်လျော်သောအကြောင်းပြချက်မရှိဘဲ လှောင်အိမ်ထဲမှ ထွက်ခွာစေခြင်းအတွက် ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ဘတ် ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခြင်း ခံရနိုင်သည်။
Source: Bangkok Post