ဝါရှင်တန်ဒီစီရဲ့ နောက်ဆုံးရသတင်းတွေအရ အီရန်နိုင်ငံအတွင်း ပျက်ကျသွားတဲ့ အမေရိကန် F-15 တိုက်လေယာဉ်က လေယာဉ်မှူးတစ်ဦးကို အမေရိကန်စစ်တပ်က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၆ ပတ်ကြာ မြှင့်တက်နေတဲ့ အမေရိကန်-အီရန် စစ်ပွဲအတွင်း ဒါဟာ သမ္မတ ဒေါ်နယ်ထရန့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဖြစ်ရပ်တစ်ခုကို ဖြေရှင်းနိုင်လိုက်တာလည်း ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ထရန့်က ဒီကယ်ဆယ်ရေးစစ်ဆင်ရေးဟာ “အမေရိကန်သမိုင်းမှာ အန္တရာယ်အရှိဆုံးနဲ့ အပြောင်မြောက်ဆုံး ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွေထဲက တစ်ခုဖြစ်တယ်” လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
အဆိုပါ လေယာဉ်မှူးဟာ လွန်ခဲ့တဲ့သောကြာနေ့က အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ပစ်ချခံခဲ့ရတဲ့ F-15 တိုက်လေယာဉ်ပေါ်ပါ လေယာဉ်မှူး ၂ ဦးထဲက ဒုတိယမြောက်တစ်ဦးဖြစ်ပါတယ်။ ပထမလေယာဉ်မှူးကိုတော့ ပျက်ကျပြီး မကြာခင်မှာပဲ ကယ်တင်နိုင်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ ဒီလေယာဉ်မှူးကို အီရန်နဲ့ အမေရိကန် နှစ်ဖက်စလုံးက အပြိုင်အဆိုင် ရှာဖွေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကယ်တင်ခံရတဲ့ လေယာဉ်မှူးဟာ ဒဏ်ရာအနည်းငယ်ရရှိထားပေမယ့် စိုးရိမ်စရာမရှိဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်လို့ သမ္မတ ထရန့်က အတည်ပြု ပြောကြားထားပါတယ်။
Source; Bangkok Post
