အီရန် ပိုင်နက်အတွင်း အမေရိကန် လေယာဉ် ပစ်ချခံရ လေယာဉ်မှူးများကို ဖမ်းဆီးရန် ဆုငွေထုတ်

အမေရိကန်-အီရန် စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တိုက်လေယာဉ်တစ်စင်း အီရန်ပိုင်နက်အတွင်း ပစ်ချခံလိုက်ရတယ်လို့ အမေရိကန်အရာရှိတစ်ဦးက အတည်ပြုပြောကြားလိုက်တဲ့အတွက် စစ်ရေးအခြေအနေဟာ အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အဆိုပါတိုက်လေယာဉ်ဟာ အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပစ်ချခံရတာဖြစ်ပြီး ပျက်ကျသွားတဲ့ လေယာဉ်မှူးတွေကို ဖမ်းဆီးနိုင်ဖို့ အီရန်အစိုးရက အထူးတပ်ဖွဲ့တွေစေလွှတ်ကာ အသည်းအသန် ရှာဖွေနေပါတယ်။ အီရန်ပိုင် ISNA နဲ့ Fars သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လေယာဉ်မှူးတွေကို ဖမ်းဆီး ဒါမှမဟုတ် သုတ်သင်ပေးနိုင်တဲ့ အရပ်သားတွေကိုလည်း အထူးဆုလာဘ်တွေ ပေးအပ်မယ်လို့ ဒေသတွင်း ရုပ်သံလိုင်းတွေကနေတစ်ဆင့် ကြေညာထားပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ စီးပွားရေးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အီရန်ရဲ့ သံမဏိထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းခန့် ရပ်တန့်သွားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်ကလည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဆက်လက်ဖျက်ဆီးမယ်လို့ သတိပေးထားပါတယ်။

အပြန်အလှန်အားဖြင့် အီရန်ဟာ ကူဝိတ်နဲ့ အဘူဒါဘီရှိ ရေနံနဲ့ ဓာတ်ငွေ့စက်ရုံတွေကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာ ကမ္ဘာ့လောင်စာဆီလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတဲ့အတွက် တစ်ကမ္ဘာလုံးမှာ ဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်နေကာ လက်ဘနွန်စစ်မျက်နှာမှာလည်း အစ္စရေးရဲ့ ဗုံးကြဲမှုတွေကြောင့် သေဆုံးသူ ၁,၃၀၀ ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

Source; Bangkok Post