၂၀၂၅ ခုနှစ်၏ ပထမ (၇) လအတွင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ ၆% ကျဆင်းသွားပြီး နိုင်ငံတကာ ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေလည်း ၄.၂၂% ကျဆင်းသွားကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလိုကျဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဒေသတွင်းပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ ဗီယက်နမ်တို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။
ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ရဲ့ အကြီးအကဲ သာပနီး ကီယက်ဖိုင်ဘူ (Thapanee Kiatphaibool) က ဒေသတွင်း ခရီးသွားစျေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာနေ ပြီး “တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ဖောက်သည်ဖြစ်သလို အကြီးမားဆုံး ပြိုင်ဘက်လည်း ဖြစ်လာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခြားသောပြိုင်ဘက်ဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ပထမ (၆) လအတွင်း ခရီးသွားဧည့်သည် (၂၁.၅) သန်း လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ၆ လတာ စုစုပေါင်း ခရီးသွား ၁၆.၆၉ သန်းကို ကျော်တက်သွားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အားသာချက်တွေကတော့ ပိုမိုကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေ၊ သွားလာရေးလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေနဲ့ ယန်းငွေတန်ဖိုး ကျဆင်းနေတာကြောင့် ခရီးသွားတွေအတွက် ကုန်ကျစရိတ် သက်သာတာတွေပဲ ဖြစ်ပါတယ်။
အလားတူ ဗီယက်နမ်နိုင်ငံဟာလည်း ဆွဲဆောင်မှုရှိသော နေရာအသစ်များ၊ တိုးတက်လာတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားနဲ့ အခွန်ကဏ္ဍတွေမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကုန်ကျစရိတ်ဖွဲ့စည်းပုံတွေကြောင့် အဓိက ပြိုင်ဘက်တစ်ခု ဖြစ်လာပါတယ်။
ပထမ ၇ လတာကာလအတွင်း ထိုင်းနိုင်ငံကို အများဆုံးလာရောက်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားတွေကတော့-
- တရုတ် (၂.၆၉ သန်း)
- မလေးရှား (၂.၆၆ သန်း)
- အိန္ဒိယ (၁.၃၇ သန်း)
- ရုရှား (၁.၁၂ သန်း)
- တောင်ကိုရီးယား (၉၀၂,၀၀၀)
ဒီစာရင်းအရ တရုတ်နိုင်ငံဟာ ထိုင်းရဲ့ အဓိက ခရီးသွားရင်းမြစ်နိုင်ငံအဖြစ် မလေးရှားကို ကျော်တက်သွားပြီး ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။
နိုင်ငံတကာ ခရီးသွားလုပ်ငန်း ကျဆင်းနေပေမယ့် ပြည်တွင်းခရီးသွားလုပ်ငန်းကတော့ အနည်းငယ်တိုးလာနေဆဲ ဖြစ်ပါတယ်။ (၂၀၂၅)ခုနှစ် ပထမ (၆) လအတွင်း ထိုင်းနိုင်ငံသားတွေရဲ့ ပြည်တွင်းခရီးစဉ်အရေအတွက်ဟာ (၁၀.၂၃) သန်းအထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် (၂.၄၉%) တိုးလာခဲ့ပါတယ်။
ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် ပြည်တွင်းခရီးစဉ် စုစုပေါင်း ၂၀၅ သန်းရှိပြီး ဝင်ငွေ ဘတ် ၁.၁ ထရီလျံ ရရှိမယ်လို့ မျှော်မှန်းထားကြောင်း သိရှိရပါတယ်။
ထိုင်းပြည်တွင်းသတင်းများနှင့် နိုင်ငံတကာသတင်းများကို အချိန်နဲ့တပြေးညီဖတ်ရှုလိုပါက Page လေးကို Like & Follow လုပ်ဖို့မမေ့နဲ့နော်
Source: The Nation Thailand