၂၀၂၆ ထိုင်းသင်္ကြန် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပြစ်ဒဏ်များဆိုင်ရာ အသိပေးချက်

၂၀၂၆ ခုနှစ်၊ ထိုင်းသင်္ကြန်ပွဲတော်ကို “ဘေးကင်းလုံခြုံပြီး အရက်သေစာကင်းစင်သော သင်္ကြန်” အစီအစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) မှ အောက်ပါစည်းကမ်းချက်များကို တင်းကျပ်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဓိက တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ

  • ဖိအားပြင်း ရေသေနတ်များ – PVC ပိုက်ဖြင့်ပြုလုပ်ထားသော ရေပြွန်များနှင့် အန္တရာယ်ရှိသည့် ရေသေနတ်များ အသုံးပြုခြင်းကို တားမြစ်ထားသည်။ ဖောက်ဖျက်ပါက ထောင်ဒဏ် (၂) နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၄,၀၀၀ ဖြစ်စေ ချမှတ်ခံရနိုင်သည်။
  • အရက်သေစာ ရောင်းချမှု – အသက် (၂၀) မပြည့်သေးသူများကို ရောင်းချခြင်း လုံးဝမပြုရ။ သတ်မှတ်ချိန် (၁၁:၀၀-၁၄:၀၀ နှင့် ၁၇:၀၀-၂၄:၀၀) အတွင်းသာ ရောင်းချရမည်။ အစိုးရပိုင်နေရာနှင့် အမျိုးသားဥယျာဉ်များတွင်အရက်ရောင်းချခွင့် မရှိပါ။
  • သနပ်ခါးနှင့် ပေါင်ဒါအသုံးပြုမှု – လူစည်ကားရာ Safe Zone များ (ဥပမာ- Khaosan လမ်း၊ Silom လမ်း) တွင် ပေါင်ဒါလူးခြင်း၊ ဆေးရောင်စုံဖြန်းခြင်းနှင့် Foam Party ကျင်းပခြင်းများကို တားမြစ်ထားသည်။
  • ဝတ်စားဆင်ယင်မှု – အများပြည်သူရှေ့တွင် မသင့်တော်သော ဝတ်စားဆင်ယင်မှုနှင့် ကာမရာဂနှိုးဆွသော အပြုအမူများအတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ အထိ ချမှတ်နိုင်သည်။
  • ယာဉ်စည်းကမ်း လမ်းစည်းကမ်း – ကားအမိုးပေါ်တက်ခြင်း သို့မဟုတ် ကားနောက်ဖုံးအစွန်းတွင် ရပ်၍ ရေပက်ခြင်းကို တားမြစ်ထားသည်။
  • မူးယစ်မောင်းနှင်ခြင်း – အရက်ပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်ပါက ထောင်ဒဏ် (၁) နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိ ကျခံရမည်။ (၂) နှစ်အတွင်း ပြစ်မှုထပ်ကျော့ ကျူးလွန်ပါက ဒဏ်ငွေ ဘတ် ၁ သိန်းအထိ ချမှတ်ခံရနိုင်သည်။
  • အမြန်နှုန်း ကန့်သတ်ချက် – အဝေးပြေးလမ်းမကြီးများတွင် ၂၄ နာရီပတ်လုံး Speed Camera များဖြင့် စစ်ဆေးနေမည်ဖြစ်ပြီး အရှိန်ပြင်းမောင်းနှင်ပါက ဒဏ်ငွေ ဘတ် ၄,၀၀၀ အပြင် ယာဉ်မောင်းလိုင်စင် အမှတ်လျှော့ခြင်း (Demerit points) ခံရမည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပျော်ရွှင်ဖွယ် သင်္ကြန်ကာလကို အေးချမ်းစွာ ဖြတ်သန်းနိုင်ရန် အထက်ပါ ဥပဒေနှင့် စည်းကမ်းချက်များကို တိတိကျကျ လိုက်နာကြပါရန် အသိပေး တိုက်တွန်းအပ်ပါသည်။

Source; Nation Thailand