ဖိလစ်ပိုင်အလယ်ပိုင်း Cebu (စီဘူ) ကျွန်းပြည်နယ်ကမ်းလွန်တွင် ပြင်းအား ၆.၉ မဂ္ဂနီကျူ့ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက် အနည်းဆုံး ၆၉ ဦးအထိ မြင့်တက်လာခဲ့သည်။ ဒဏ်ရာရရှိသူ ၁၅၀ နီးပါးရှိပြီး သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း အရာရှိများက အတည်ပြုခဲ့သည်။
အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ အဆိုအရ အဆိုပါငလျင်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (ည ၉:၅၉ နာရီ) တွင် လူဦးရေ ၉၀,၀၀၀ ခန့်ရှိသော မြို့ဖြစ်သည့် Bogo အနီးရှိ Cebu ကျွန်း၏ မြောက်ဘက်စွန်း ကမ်းလွန်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးလှုပ်ခတ်မှုအပြီးတွင် ထိုဧရိယာ၌ ပြင်းအား ၅ သို့မဟုတ် ထို့ထက်ပိုသော ငလျင်လေးကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံများ ပြိုကျခဲ့သည်။ ဒေသခံအာဏာပိုင်များက Cebu ၏ အချို့နေရာများတွင် “ဘေးဒဏ်သင့်နယ်မြေအခြေအနေ (state of calamity)” ကို ကြေညာခဲ့သည်။

နိုင်ငံ၏ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) ၏ ထုတ်ပြန်ချက်အရ ကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ကြိုးပမ်းနေကြသည်။ အရပ်ဘက်ကာကွယ်ရေးရုံး၏ ဒုတိယအုပ်ချုပ်ရေးမှူး Bernardo Rafaelito Alejandro IV က ရှာဖွေကယ်ဆယ်ရေးအတွက် “ရွှေရောင်အချိန် (golden hour)” မှာ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
Cebu ပြည်နယ်အုပ်ချုပ်ရေးမှူး Pamela Baricuatro က ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်နေဆဲဖြစ်ပြီး အိမ်အလုံးရေ မရေမတွက်နိုင်သော အရေအတွက်နှင့် ဆေးရုံတစ်ခု ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကို ကုသရန်အတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များကို စေလွှတ်နေပြီး ဆေးဝါး၊ အစားအစာနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ လိုအပ်နေကြောင်းလည်း သမ္မတရုံးထံ အကူအညီတောင်းခံထားကြောင်း သိရသည်။
ဖိလစ်ပိုင်မီးတောင်ဗေဒနှင့် မြေငလျင်တိုင်းတာရေးဌာန (PHIVOLCS) က Cebu, Leyte နှင့် Biliran ပြည်နယ်များရှိ ဒေသခံများကို “အသေးစားပင်လယ်ရေမျက်နှာပြင် မငြိမ်မသက်မှု” ဖြစ်နိုင်သောကြောင့် ကမ်းရိုးတန်းမှ အဝေးသို့နေရန်နှင့် “ပုံမှန်မဟုတ်သော လှိုင်းများအတွက် သတိထားရန်” တိုက်တွန်းခဲ့ကြောင်းသိရပါသည်။
Source: Al Jazeera