ပန်းချီပြတိုက် Louvre မှ သရဖူရတနာများ ၄ မိနစ်အတွင်း ခိုးယူခံရမှုကြောင့် ပြင်သစ်တွင် ဂယက်ထ 💎🏃‍♂️

ကမ္ဘာပေါ်တွင် လူကြည့်အများဆုံးဖြစ်သော ပဲရစ်မြို့ရှိ ပန်းချီပြတိုက် Louvre အတွင်း တနင်္ဂနွေနေ့က မိနစ်ပိုင်းအတွင်း ဝင်ရောက်စီးနင်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ သူခိုးများသည် လှေကားပုံး ကို စီးနင်းကာ Galerie d’Apollon ပြခန်း ပြတင်းပေါက်မှ ဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် ခရီးသွားများ ပြည့်နှက်နေသည့် စင်္ကြံများကြားမှပင် ပြကွက်များအား ရိုက်ခွဲကာ နပိုလီယန်၏ အဖိုးမဖြတ်နိုင်သော ရတနာများ ကို ခိုးယူထွက်ပြေးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ဤဖြစ်စဉ်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော အထင်ရှားဆုံး ပြတိုက်ခိုးမှုများ ထဲမှ တစ်ခုဖြစ်ပြီး Louvre ဝန်ထမ်းများက အလုပ်သမားနှင့် လုံခြုံရေး အင်အားမလုံလောက်မှုများ ရှိနေကြောင်း တိုင်ကြားနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ခိုးယူမှုသည် “လေးမိနစ်အတွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး” တစ်ခုဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး Rachida Dati (ရာရှီဒါ ဒါတီ) က ပြောကြားခဲ့သည်။ ခိုးမှုဖြစ်ပွားသည့်နေရာသည် နာမည်ကျော် Mona Lisaပန်းချီကားမှ မီတာ ၂၅၀ (၂၇၀ ကိုက်) ခန့်သာ ကွာဝေးသည်။

ခိုးယူခံရသည့် ပစ္စည်းတစ်ခုကို ပြတိုက်အပြင်ဘက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒါတီက ပြောသည်။ ပြင်သစ်သတင်းစာ Le Parisien ၏ ဖော်ပြချက်အရ ၎င်းသည် နပိုလီယန် III ၏ ဇနီးဖြစ်သူ ဧကရီ Eugénie ၏ မြဘုရားများဖြင့် စီခြယ်ထားသော သရဖူ ဖြစ်ပြီး ပြတိုက်နံရံအပြင်ဘက်တွင် ပျက်စီးနေသည်ကို ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of NBC News

နံနက် ၉:၃၀ နာရီခန့်တွင် ကျူးကျော်သူအများအပြားသည် ပြတင်းပေါက်ကို အတင်းအကျပ် ဖွင့်ကာ၊ disc cutter ဖြင့် မှန်ချပ်များကို ဖြတ်တောက်ပြီး ပြကွက်များဆီသို့ တိုက်ရိုက်သွားခဲ့သည်။ ၎င်းတို့သည် ပြတိုက်၏ မြစ်ဘက်မျက်နှာစာရှိ ဆောက်လုပ်ရေးဇုန်အနီးမှ လှေကားပုံးကို အသုံးပြု၍ ဝင်ရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Laurent Nuñez (လော်ရန့် နူနဲဇ်) က ပြောသည်။

ခိုးယူခံရသည့် Galerie d’Apollon သည် ပြင်သစ် သရဖူ ရတနာများ ကို ပြသထားသည့် နေရာဖြစ်ပြီး၊ နပိုလီယန်နှင့် ဧကရီတို့နှင့် ဆက်စပ်သော ရတနာ ၂၃ ခုပါ စုဆောင်းမှုမှ ၉ ခု ကို ယူဆောင်သွားပြီးနောက် မော်တော်ဆိုင်ကယ်များဖြင့် ထွက်ပြေးခဲ့ကြောင်း Le Parisien က ဆိုသည်။

ခရီးသွားများ ရှိနေချိန်တွင် နေ့ခင်းဘက် ဓားပြတိုက်မှုမျိုးသည် ရှားပါးသည်။ Louvre အတွင်း ခိုးမှုသည် ၂၀၁၉ ခုနှစ် Dresden ၏ Green Vault ပြတိုက် ခိုးမှုပြီးနောက် ဥရောပတွင် အတင့်ရဲဆုံးဖြစ်ပြီး ပြင်သစ်တွင် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်သည်။

ဤဖြစ်စဉ်သည် Louvre ပြတိုက် ကြိုးပမ်းဖြေရှင်းနေရသော ပြဿနာတစ်ခုဖြစ်သည့် လူအုပ်ကြီး စုပြုံမှုနှင့် ဝန်ထမ်း အင်အားမလုံလောက်မှု တို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လကလည်း ဝန်ထမ်းများက လူဦးရေ များပြားလွန်းခြင်းနှင့် ဝန်ထမ်းမလုံလောက်မှုကြောင့် အလုပ်မှထွက်ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး ပြတိုက်ဖွင့်ချိန်ကိုပင် ရွှေ့ဆိုင်းခဲ့ရသည်။

အလုပ်သမားသမဂ္ဂများက လူအများအပြား ခရီးသွားလာမှုကြောင့် အခန်းများစွာတွင် လုံခြုံရေး မျက်လုံး အင်အားနည်းနေကြောင်းနှင့် ဆောက်လုပ်ရေးဇုန်များ၊ ကုန်တင်လမ်းကြောင်းများနှင့် ဧည့်သည်များ သွားလာရာနေရာများ ဆုံရာတွင် ဖိအားဖြစ်စေသော အားနည်းချက်များ ဖြစ်ပေါ်စေကြောင်း ပြောကြားသည်။

Photo Courtesy of Reuters

ခိုးမှုဖြစ်ပွားမှုသည် နိုင်ငံရေးလောကသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ အစွန်းရောက် လက်ယာခေါင်းဆောင် Jordan Bardella (ဂျော်ဒန် ဘာဒယ်လာ) က ၎င်းအား သမ္မတ Emmanuel Macron (အီမန်နျူယယ် မာခရွန်) အား တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။

“Louvre ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ ကမ္ဘာလုံးဆိုင်ရာ သင်္ကေတတစ်ခုပါ” ဟု Bardella က ရေးသားခဲ့သည်။ “ဒီခိုးယူမှုက သူခိုးတွေကို ပြင်သစ်သရဖူက ရတနာတွေ ခိုးယူခွင့်ပေးလိုက်တာဟာ ကျွန်တော်တို့ နိုင်ငံအတွက် မခံမရပ်နိုင်အောင် အရှက်ရစရာပါပဲ။ နိုင်ငံတော်ရဲ့ ဆုတ်ယုတ်မှုက ဘယ်အထိ ရောက်သွားမှာလဲ။”

လက်ရှိတွင် တရားစီရင်ရေးဆိုင်ရာ အဖွဲ့များက ခိုးမှုဖြစ်ပွားရာ နေရာနှင့် ဘေးချင်းကပ် ဝင်ရောက်ရာ နေရာများကို စစ်ဆေးနေပြီး အဖိုးမဖြတ်နိုင်သော သမိုင်းဝင်တန်ဖိုး ရှိသည့် ပစ္စည်းများ၏ စာရင်းအပြည့်အစုံကို ပြုစုနေသည်။

“ဒီရတနာတွေကို ပြန်တွေ့ဖို့ မဖြစ်နိုင်ပါဘူး” ဟု 77 Diamonds မှ စီမံခန့်ခွဲမှု ဒါရိုက်တာ Tobias Kormind (တိုဘီယက်စ် ကော်မင်) က ပြောသည်။ “ကျွမ်းကျင်တဲ့ အဖွဲ့တွေက ဖမ်းမိနိုင်တဲ့ ကြီးမားတဲ့ ကျောက်မျက်တွေကို ရှာမတွေ့အောင် ဖျက်ဆီးပြီး ပြန်လည်ဖြတ်တောက်လေ့ရှိပြီး၊ သူတို့ရဲ့ မူလရင်းမြစ်ကို လုံးဝ ဖျောက်ဖျက်လိုက်ပါတယ်”။

အာဏာပိုင်များက ခိုးမှုတွင် ပါဝင်သူအရေအတွက်နှင့် အတွင်းလူ အကူအညီ ရရှိခြင်း ရှိ၊ မရှိ စသည့် မဖြေရှင်းနိုင်သေးသော အဓိက မေးခွန်းများ ကျန်ရှိနေသေးသည်။ ပြင်သစ်မီဒီယာအရ ဆောက်လုပ်ရေးလုပ်သား ဝတ်စုံဝတ်ထားသူ ၂ ဦး နှင့် စကူတာစီးသူ ၂ ဦး စုစုပေါင်း လူ ၄ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

Source: Khaosod