ပြင်းထန်သော လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဘရာဇီးလ်မြို့တစ်မြို့ ပျက်စီး

ဘရာဇီးလ်နိုင်ငံ တောင်ပိုင်း ပါရာနာ (Parana) ပြည်နယ် ကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) အထိ ပြင်းထန်သော လေတိုက်နှုန်းများဖြင့် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၇၅၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သောကြာနေ့ ညနှောင်းပိုင်းတွင် တိုက်ခတ်ခဲ့သော ဤလေဆင်နှာမောင်းသည် တစ်မိနစ်ပင် မကြာခဲ့သော်လည်း ရီယို ဘွန်နီတို ဒို အီဂွာစု (Rio Bonito do Iguacu) မြို့၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဖျက်ဆီးပစ်ခဲ့သည်။

လေထုဓာတ်ပုံများအရ ရီယို ဘွန်နီတို ဒို အီဂွာစုမြို့ရှိ အဆောက်အအုံများစွာ၏ ခေါင်မိုးများ ပျောက်ဆုံးနေသည် ကို တွေ့ရပြီး မြို့၏ အစိတ်အပိုင်းအချို့မှာ လုံးဝ ပြားပြားဝပ်ပျက်စီး သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ရှိ လေဆင်နှာမောင်း၏ လမ်းကြောင်းအပြင်ဘက်ရှိ လယ်ယာမြေများနှင့် သစ်ပင်များသည်မူ သိသိသာသာ မပျက်စီးခဲ့ပေ။

Photo Courtesy of Al Jazeera

ပါရာနာ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီ၏ အကြီးအကဲ Fernando Schunig (ဖာနန်ဒို ရှူနစ်) က ဒေသခံသတင်းဌာန G1 နှင့် အင်တာဗျူးတွင် မြို့ကို “စစ်ပွဲဇုန်” ကဲ့သို့ ဖော်ပြခဲ့သည်။ “ဒီလို ဖြစ်ရပ်မျိုး မြို့ပြဧရိယာကို ထိခိုက်တဲ့အခါ ပျက်စီးမှုက ကြီးမားပါတယ်။ အသက်ဆုံးရှုံးမှုကလည်း များပါတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ၆ ဦးအနက် ၅ ဦးမှာ ရီယို ဘွန်နီတို ဒို အီဂွာစုမြို့မှ ဖြစ်ပြီး နောက်ထပ် ၁ ဦးမှာ အနီးရှိ ဂွာရာပူအာဗာ (Guarapuava) မြို့မှ ဖြစ်သည်။ အနည်းဆုံး လူတစ်ဦး ပျောက်ဆုံးနေသည်။

လေဆင်နှာမောင်းကြောင့် စုစုပေါင်း လူ ၇၅၀ ဦး ဒဏ်ရာရရှိခဲ့ရာ ၁၀ ဦး ခွဲစိတ်ကုသမှု ခံယူရပြီး ၉ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

အာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ရာ သေဆုံးသူ အရေအတွက် တိုးလာနိုင်သည်ဟု ပြောကြားသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Carlos Massa Ratinho Jr (ကာလို့စ် မာဆာ ရာတီညို ဂျူနီယာ) က သေဆုံးသူများကို ဂုဏ်ပြုသည့်အနေဖြင့် သုံးရက်တာ ဝမ်းနည်းခြင်း ကို ကြေညာခဲ့သည်။

အပူချိန် မြင့်တက်လာခြင်းနှင့် လေထုထဲတွင် အစိုဓာတ် တိုးလာခြင်းတို့သည် လေထု မတည်ငြိမ်မှုနှင့် လေထုတွန်းအား (wind shear) ကို တိုးစေနိုင်ပြီး ယင်းအချက်များသည် လေဆင်နှာမောင်းများ ဖြစ်ပွားစေသည့် အကြောင်းရင်းများဖြစ်သောကြောင့် ရာသီဥတုပြောင်းလဲမှုသည် မကြာခဏ ပိုမိုပြင်းထန်သော လေဆင်နှာမောင်းများ ဖြစ်ပေါ်စေရန် အထောက်အကူပြုနိုင်သည် ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

@usagi22_1_2019

Very Strong F4 Tornado Destroys Rio Bonito Do Iguacu, Parana, Brazil. November 7, 2025

♬ suara asli – Usagi – Usagi

Source: Al Jazeera