နယ်စပ်အနီး နယ်မြေမိုင်းများကြောင့် ထိုင်းစစ်သားများ ထိခိုက်ဒဏ်ရာရပြီးနောက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ချုပ်ဆိုထားသည့် အရေးပါသော သဘောတူညီချက်တစ်ခုကို ရုပ်သိမ်းလိုက်ကြောင်း အမျိုးသားလုံခြုံရေးခေါင်းဆောင်များ၏ လျင်မြန်သော ဆုံးဖြတ်ချက်ဖြင့် ကြေညာခဲ့သည်။
ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul (အနုတင် ချန်ဗီရာကူ) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးတွင် ထိုင်း-ကမ္ဘောဒီးယား ကွာလာလမ်ပူ ကြေညာချက် (Kuala Lumpur Declaration) ပါ အချက်လေးချက်ကို ရုပ်သိမ်းရန် အတည်ပြုခဲ့သည်။

ဤဆုံးဖြတ်ချက်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုကြောင့် ထိုင်းဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ပြီး နှစ်နိုင်ငံအကြား ကြာရှည်စွာ တင်းမာနေသော နယ်စပ်အခြေအနေကို ပြန်လည်ဖြစ်ပွားစေခဲ့သည့်အတွက် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Nattapol Nakphanit (နတ်တဖွန် နခဖနိ) နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew (ဆီဟာဆတ် ဖောင်ခေတ်ကဲဝ်) တို့က ထိုင်းနိုင်ငံသည် ရန်စမှုများကို ဆက်လက်သည်းခံတော့မည် မဟုတ်ကြောင်း ပူးတွဲကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီး နတ်တဖွန်က အစိုးရအနေဖြင့် ကမ္ဘောဒီးယားစစ်သုံ့ပန်း ၁၈ ဦးကို ပြန်လည်လွှဲပြောင်းပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီး လက်နက်ကြီးများ ရုပ်သိမ်းခြင်းကိုလည်း ဆိုင်းငံ့မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံက ကွာလာလမ်ပူ ကြေညာချက်ကို လိုက်နာခဲ့ပြီး ယခုအခါ ကမ္ဘောဒီးယားကို သဘောတူညီချက်ပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့သည့်အတွက် တာဝန်ယူရမည်ဟု တောင်းဆိုခဲ့သည်။
စီဟာဆတ်က ကမ္ဘောဒီးယား၏ မိုင်းများသည် “အဟောင်း” များသာဖြစ်သည်ဆိုသော ပြောဆိုချက်သည် လုံလောက်မှုမရှိဘဲ သဘောထားကောင်းကို ပြသခြင်းမဟုတ်ကြောင်း ပြောခဲ့သည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ကန့်ကွက်လွှာ တင်သွင်းပြီး ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ မူလ သဘောတူညီချက်ကို မျက်မြင်သက်သေဖြစ်တဲ့ အမေရိကန်နဲ့ မလေးရှားတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကိုလည်း အကြောင်းကြားသွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံသည် နယ်မြေမိုင်းများ အသုံးပြုခြင်းကို တားမြစ်သည့် Ottawa Conventionအရ တိုင်ကြားစာတစ်စောင်ကိုလည်း တင်သွင်းရန် စီစဉ်ထားကြောင်းသိရပါသည်။
Source: Thaiger
