အနုတင်က ထရမ့်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ငြင်းဆို

ရောအတ်၊ ထိုင်း — ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul သည် စနေနေ့ (ဒီဇင်ဘာ ၁၃ ရက်) တွင် ရောအတ် (Roi Et) ခရိုင်၊ Nong Phok ၌ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများအတွင်း ကျဆုံးခဲ့သော ထိုင်းစစ်သားများအတွက် တော်ဝင်မီးသဂြိုဟ်အခမ်းအနားသို့ တက်ရောက်ရန် ခရီးမထွက်ခွာမီ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် Anutin က ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းပြောဆိုမှုအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မည်သို့မျှ မပါဝင်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။”ကျွန်တော်တို့ အဲဒါကို ဆွေးနွေးမထားပါဘူး။ ဘယ်လိုသဘောတူညီချက်မှ မရှိပါဘူး။ အခြေအနေချင်း ဖလှယ်ရုံသက်သက်ပါပဲ။ နိုင်ငံနှစ်ခုကြား ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်ဆောင်ရမယ်လို့ ကျွန်တော် ပြန်လည် အတည်ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွက်ကတော့ ကိုယ့်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေကို အပြည့်အဝ ကာကွယ်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Photo Courtesy of The Guardian

ထရမ့်က ထိုင်းအနေဖြင့် ပစ်ခတ်မှု ရပ်တန့်ရန် ပြောဆိုခြင်း ရှိမရှိ မေးမြန်းသောအခါ “သူက ကျွန်တော်တို့ ရပ်ရမယ် မရပ်ရဘူးဆိုတာ ဘာမှ မပြောပါဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ တာဝန်ကိုပဲ ဆောင်ရွက်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ထရမ့်၏ လူမှုမီဒီယာပေါ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပစ်အခတ်ရပ်စဲမည်ဟု ဖော်ပြခဲ့ခြင်းက သဘောတူညီချက် မရရှိဘဲ ထိုင်းနိုင်ငံကို အခက်တွေ့စေခြင်း ရှိမရှိ မေးမြန်းသောအခါ Anutin က ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

“အပစ်အခတ်ရပ်စဲမှု ရှိခဲ့ပြီလား။ ဒီမနက် ကမ္ဘောဒီးယားက ကျွန်တော်တို့ဆီကို စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီမနက် ကမ္ဘောဒီးယားက ကျွန်တော်တို့ ပြည်သူတွေ နေထိုင်တဲ့ အရပ်သားဧရိယာကို BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပြင်းထန်စွာ ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်” ဟု Anutin က ပြောကြားခဲ့သည်။

ထိုင်းက ကမ္ဘောဒီးယားအပေါ် ပြင်းထန်လွန်းစွာ လက်တုံ့ပြန်သည်ဟု ထရမ့်၏ အကြံပြုချက်အပေါ် မေးမြန်းသောအခါ Anutin က ခေတ္တရပ်နားပြီးနောက် “အခု ခြေထောက် ဘယ်နှစ်ချောင်း ဆုံးရှုံးသွားပြီလဲ။ အလောင်း ဘယ်နှစ်လောင်းလဲ။ ဒါက အပြင်လူတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ထိုင်းနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ မေးသင့်တဲ့ မေးခွန်းပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

Source: Nation Thailand