သီရိရာချာ (Sri Racha)၊ ထိုင်း — ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရိရာချာမြို့နယ်ရှိ Nong Kham ရဲစခန်းအချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားတစ်ဦး ဒီဇင်ဘာလ ၂၁ ရက်နေ့က သေဆုံးသွားခဲ့သဖြင့် အာဏာပိုင်များက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
အမည် Tang Siton (မြန်မာနိုင်ငံသား)ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် နံနက် ၂:၁၈ နာရီခန့်တွင် မူးယစ်ရမ်းကားနေသည်ဟူသော တိုင်ကြားချက်ကြောင့် Nong Kham ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးစဉ် ဒဏ်ရာအချို့ရှိနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က Laem Chabang ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာများမှာ မပြင်းထန်သဖြင့် ဆေးကုသပြီးနောက် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

အချုပ်ခန်းအတွင်းရှိ အခြားအကျဉ်းသားများ၏ ထွက်ဆိုချက်အရ ဖြစ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-
သေဆုံးသူသည် အချုပ်ခန်းအတွင်း ဂနာမငြိမ်ဖြစ်နေပြီး အိမ်သာနံရံနှင့် ၎င်း၏ဦးခေါင်းကို သွေးထွက်သည်အထိ အကြိမ်ကြိမ် တိုက်မိခဲ့သည်။အိပ်ဆောင်နေရာလုရာမှ အခြားအကျဉ်းသားတစ်ဦးကို လက်သီးဖြင့်ထိုးခဲ့သဖြင့် ရဲတပ်ဖွဲ့က သူ့ကို သီးသန့်အချုပ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အသက်ရှူရခက်ခဲကာ သတိလစ်သွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး မိနစ် ၃၀ ကြာ အရေးပေါ်အသက်ကယ်နည်း (CPR) ပြုလုပ်ခဲ့သော်လည်း အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။
အလားတူ သီရိရာချာမြို့နယ်အတွင်းမှာပင် မြန်မာအမျိုးသားတစ်ဦးသည် ၎င်း၏ချစ်သူ အမျိုးသမီး၏ အစ်ကိုဖြစ်သူနှင့် စကားများရာမှ ဓားဖြင့် နှစ်ချက်ထိုးခံရသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
Source: Thaiger
