သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုဖြင့် မြန်မာနိုင်ငံသား ၄ ဦးကို ဒရုန်း ၁၀ စင်းနှင့်အတူ ဖမ်းဆီးရမိ

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီး လေကြောင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် ဒရုန်းပျံသန်းမှုများနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါသည်။ Lat Krabang ရဲတပ်ဖွဲ့သည် လေဆိပ်နှင့် (၃)ကီလိုမီတာခန့်သာ ဝေးကွာသည့် the Grand BS Airport Hotel ရှိ အခန်းတစ်ခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ ဒရုန်းထိန်းချုပ်စခန်းအဖြစ် သံသယရှိရသည့် နေရာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား(၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း (၁၀)စင်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါသည်။ ဖမ်းဆီးခံရသူများမှာ David အမည်ရှိ အွန်လိုင်း booking ဖြင့် တနင်္ဂနွေနေ့ကတည်းက ဟိုတယ်တွင် လာရောက်တည်းခိုနေထိုင်ခဲ့ကြသူများ ဖြစ်ကြပါသည်။

Photo Courtesy of Thaiger

စစ်ဆေးမေးမြန်းချက်များအရ သံသယရှိသူများက ၎င်းတို့အား အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံအတွင်းရှိ ဒရုန်းများကို လာရောက်ယူဆောင်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပါသည်။ အဆိုပါ ဒရုန်းများကို မြန်မာနိုင်ငံအတွင်းရှိ Kevin Zo အမည်ရှိသူထံ ပို့ဆောင်ကာ မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါသည်။ လက်ရှိတွင် အမျိုးသားလုံခြုံရေးကောင်စီက လေဆိပ်ကဲ့သို့သော အရေးကြီးသည့် နယ်မြေများအတွင်း ဒရုန်းကျူးကျော်မှုများကို တားဆီးရန် အထူးစီမံချက်များ ချမှတ်ထားပြီး ဖြစ်ပါသည်။ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား လေးဦးမှာ လက်ရှိတွင် ဗီဇာပယ်ဖျက်ခြင်း ခံထားရပြီး လူဝင်မှုကြီးကြပ်ရေးဌာနတွင် အသေးစိတ် ဆက်လက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပါသည်။

Photo Courtesy of Thai News Room

Source: Bangkok Post