Miss Universe ပိုင်ရှင်ဟောင်း Anne Jakkaphong ကို လိမ်လည်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ရာ တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ

ဘန်ကောက်၊ ထိုင်း — Miss Universe အဖွဲ့အစည်း၏ ပိုင်ရှင်ဟောင်းနှင့် JKN Global Group ၏ အမှုဆောင်အရာရှိချုပ် Anne Jakkaphong Jakrajutatip ကို ဘတ် ၃၀ သန်း (ဒေါ်လာ ၉ သိန်းကျော်) တန်ဖိုးရှိ လိမ်လည်မှုဖြင့် ထိုင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။ သို့သော် သူမသည် တရားရုံးသို့ လာရောက်ခြင်းမရှိဘဲ မက္ကဆီကိုနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေအရ ပြန်လည်ပေးဆပ်ရန် မဖြစ်နိုင်သည်ကို သိရက်နှင့် တရားလို Dr. Raweewat Maschamadol ကို ကုမ္ပဏီ၏ အကြွေးစာချုပ်များ (Corporate Bonds) တွင် ရင်းနှီးမြှုပ်နှံရန် လိမ်လည်လှည့်ဖြားခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of Marinji

ဘန်ကောက်တောင်ပိုင်း ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၆ ရက်တွင် အမိန့်ချမှတ်ခဲ့ရာ Anne Jakkaphong ကို ထောင်ဒဏ် ၂ နှစ် (ဆိုင်းငံ့ပြစ်ဒဏ်မပါ) နှင့် JKN Global Group ကို ဒဏ်ငွေ ၄၀,၀၀၀ ဘတ် ပေးဆောင်ရန် အမိန့်ချခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက တရားရုံးချိန်း ပျက်ကွက်ခဲ့သဖြင့် သူမကို ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်သည်။

သူမသည် လက်ရှိတွင် မက္ကဆီကိုနိုင်ငံ၌ ရှိနေသည်ဟု ယူဆရပြီး ၎င်း၏ စီးပွားဖက်များနှင့်အတူ ရှိနေနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ တရားရုံးက သူမ၏ ပျက်ကွက်မှုမှာ တရားဥပဒေကို ရှောင်တိမ်းလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု သတ်မှတ်ခဲ့သည်။

Anne Jakkaphong သည် Miss Universe Organization ကို ဝယ်ယူပြီးနောက် နိုင်ငံတကာတွင် လူသိများလာခဲ့သူဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ကုမ္ပဏီ၏ ငွေကြေးပြဿနာများနှင့် တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရသူ ဖြစ်သည်။

Source: Khaosod