ရာသီဝပ်တွင် ဆီဆိုင်များ တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်

နရာသီဝပ်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင် ၅ ဆိုင်တွင် ဗုံးခွဲမှုနှင့် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ နရာသီဝပ် အထူးလုံခြုံရေးတပ်ဖွဲ့က ပြည်သူများအား ညဘက်အပြင်မထွက်ရန် တားမြစ်သည့် ညမထွက်ရအမိန့် (Curfew) ကို ယနေ့ (တနင်္ဂနွေနေ့) တွင် ထုတ်ပြန်လိုက်သည်။

အမိန့်အသေးစိတ်

▪️သတ်မှတ်အချိန်: ည ၉ နာရီမှ မနက် ၅ နာရီအထိ။

▪️စတင်သည့်ရက်: ယနေ့မှစ၍ နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း။

▪️စည်းကမ်းချက်: နရာသီဝပ်ခရိုင်သည် စစ်အုပ်ချုပ်ရေး (Martial Law) အောက်တွင် ရှိနေသဖြင့် လုံခြုံရေးကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားခြင်းဖြစ်သည်။

▪️ခြွင်းချက်: အရေးပေါ်ကိစ္စရှိသူများအနေဖြင့် မိမိတို့နယ်မြေရှိ စစ်တပ်၊ ရဲ သို့မဟုတ် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ ထို့အပြင် တရားခံများကို ရှာဖွေနိုင်ရန် နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

Photo Courtesy of Thai Enquirer

တနင်္ဂနွေနေ့ မနက် ၁ နာရီခန့်က နရာသီဝပ်၊ ပတ္တနီ နှင့် ယာလာ ခရိုင်တို့တွင် စနစ်တကျ စီစဉ်ထားသော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဆီဆိုင်တစ်ဆိုင်လျှင် ဆိုင်ကယ်များဖြင့် လူ ၄ ဦးမှ ၅ ဦးခန့် ရောက်ရှိလာပြီး၊ ဆီဆိုင်ရှိ ကုန်စုံဆိုင် (Convenience Store) ကို မီးရှို့ခြင်းနှင့် ဆီပန့်ခုံများတွင် လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲကာ မီးလောင်မှုဖြစ်အောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

နရာသီဝပ်ခရိုင် အုပ်ချုပ်ရေးမှူး Boonchuay Homyamney က ပျက်စီးသွားသော ဆီဆိုင်များသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသူများကို ၁၀ ရက်အတွင်း နစ်နာကြေး ပေးဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့အပြင် အရေးကြီးသော စီးပွားရေးဇုန်များနှင့် ထိခိုက်လွယ်သော နေရာများကို လုံခြုံရေး ပိုမိုတိုးမြှင့်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားထားသည်။

Source: Nation Thailand