ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းကျွန်း၏ နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောဆိုချက်များကြောင့် နေတိုးမဟာမိတ်များအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Sir Keir Starmer နှင့် ပြင်သစ်သမ္မတ Emmanuel Macron တို့က ဂရင်းလန်း၏ “နယ်မြေတည်တံ့ခိုင်မြဲမှု” ကို ကာကွယ်သွားမည်ဟု ပူးတွဲကတိပြုကာ အခိုင်အမာ တုံ့ပြန်လိုက်ကြသည်။
အိမ်ဖြူတော်က ဂရင်းလန်းကို သိမ်းယူရန် စစ်ရေးနည်းလမ်းအသုံးပြုနိုင်ခြေမှာ ရှိနေဆဲဖြစ်ကြောင်း အတည်ပြုခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး Marco Rubio က သံတမန်ရေးအရ ဝယ်ယူရန်မှာ အဓိကပန်းတိုင် ဖြစ်သော်လည်း သမ္မတအနေဖြင့် လုံခြုံရေးရည်မှန်းချက်များအတွက် စစ်ရေးနည်းလမ်းကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဗင်နီဇွဲလားခေါင်းဆောင်ဟောင်း နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့သည့် အမေရိကန်အထူးတပ်ဖွဲ့၏ စစ်ဆင်ရေးမျိုးကို ဂရင်းလန်းတွင်လည်း အသုံးချလာမည်ကို ဥရောပသံတမန်များက စိုးရိမ်နေကြသည်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန် နှင့် ဒိန်းမတ်နိုင်ငံ ခေါင်းဆောင်များက ဂရင်းလန်းကို ကာကွယ်ရန် “လက်တွဲဖြုတ်မည်မဟုတ်” ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဂရင်းလန်းရေပြင်တွင် ရုရှားနှင့် တရုတ်တို့ ရှိနေသည်ဆိုသော သမ္မတထရန့်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အော်ဟစ်ငြင်းခုံမည့်အစား ကျိုးကြောင်းဆီလျော်သော ဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။
အိမ်ဖြူတော်က ဂရင်းလန်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ အထူးသဖြင့် ဒုံးကျည်ကာကွယ်ရေးစနစ် အတွက် အရေးပါကြောင်းနှင့် ထိုကျွန်းရှိ မဖော်ထုတ်ရသေးသော တွင်းထွက်သယံဇာတများ က အနောက်နိုင်ငံများ၏ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း အကြောင်းပြထားသည်။
သို့သော်လည်း ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa က မည်သည့်နေရာတွင်မဆို နိုင်ငံတော်အချုပ်အခြာအာဏာ ချိုးဖောက်မှုကို EU အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
Source: Nation Thailand
