ထိုင်းနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်တည်ဆောက်သော ဂြိုဟ်တုဖြစ်သည့် THEOS-2A ကို တနင်္လာနေ့က အိန္ဒိယနိုင်ငံ၏ PSLV C62 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ဒုံးပျံ၏ တတိယအဆင့် (Third stage) တွင် ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့ပြီး လမ်းကြောင်းထိန်းချုပ်မှု မူမမှန်ဖြစ်ခဲ့သည်။ ထိုအခြေအနေကြောင့် သတ်မှတ်ထားသော လမ်းကြောင်းမှ သွေဖယ်သွားခဲ့ပြီး THEOS-2A အပါအဝင် အခြားဂြိုဟ်တု ၁၅ စလုံးမှာ သတ်မှတ်ပတ်လမ်းသို့ မရောက်ရှိဘဲ ဖြစ်ခဲ့ရသည်။

အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) ၏ အဆိုအရ အဆိုပါဒုံးပျံနှင့် ဂြိုဟ်တုများသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းရှိ လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ လောင်ကျွမ်းပျက်စီးသွားမည် ဖြစ်သည်။ ထိုနေရာသည် လူသူမရှိသော ဝေးလံသည့် ပင်လယ်ပြင်ဖြစ်သဖြင့် မြေပြင်ရှိ လူနှင့် အဆောက်အအုံများအပေါ် ထိခိုက်နိုင်ခြေ လုံးဝမရှိကြောင်း အတည်ပြုထားသည်။
Gistda ၏ ထုတ်ပြန်ချက်အရ ဤဂြိုဟ်တုစီမံကိန်းသည် ပစ်လွှတ်မှုအာမခံ (Launch Insurance) ထားရှိပြီး ဖြစ်သည်။
အာမခံသည် ဂြိုဟ်တုကို အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် ဒုတိယအကြိမ် ပြန်လည်ပစ်လွှတ်ခြင်း ကုန်ကျစရိတ်များကို အပြည့်အဝ လွှမ်းခြုံပေးမည်ဖြစ်သည်။PSLV ဒုံးပျံသည် ယခင်က ၆၃ ကြိမ် ပစ်လွှတ်ရာတွင် ၆၀ ကြိမ်အထိ အောင်မြင်ခဲ့ဖူးပြီး (၉၅.၂၄%) အောင်မြင်မှုနှုန်း အလွန်မြင့်မားသည့် အမျိုးအစားဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် မမျှော်လင့်ဘဲ ချို့ယွင်းခဲ့ခြင်း ဖြစ်သည်။
Source: Bangkok Post
