ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က စမွတ်စခွန်ခရိုင်၊ Big C Rama 2 ကုန်တိုက်အနီးရှိ ဘန်ကောက်မြို့အဝင် Rama II လမ်းမကြီးပေါ်တွင် လမ်းမြေသားရုတ်တရက် ကျွံကျမှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပိုင်းပေါ်တွင် မောင်းနှင်နေသည့် ပစ်ကပ်ယာဉ်တစ်စီးမှာ တွင်းနက်အတွင်းသို့ ထိုးဆင်းသွားခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။
သက်ဆိုင်ရာ အဝေးပြေးလမ်းဦးစီးဌာန၏ စစ်ဆေးချက်အရ မြေအောက်ရှိ ၁,၀၀၀ မီလီမီတာ အချင်းရှိသော ရေပေးဝေရေး ပိုက်လိုင်းကြီး ပေါက်ထွက်ရာမှတစ်ဆင့် မြေသားများ တိုက်စားကာ လမ်းကျွံကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခြေအနေကြောင့် လက်ရှိတွင် စမွတ်စခွန် စည်ပင်နယ်မြေအတွင်း ရေပေးဝေမှုများကို ယာယီဖြတ်တောက်ထားရသဖြင့် ရေပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပါသည်။

ယာဉ်ကြောအခြေအနေနှင့် ပတ်သက်၍ ဘန်ကောက်မြို့အဝင် လမ်းဘေးပြိုင်လမ်းပိုင်းကို ယာယီပိတ်ထားရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိပါသည်။
တာဝန်ရှိသူများမှ စက်ယန္တရားကြီးများအသုံးပြု၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေသော်လည်း ခရီးသွားပြည်သူများအနေဖြင့် အချိန်ကြန့်ကြာမှုများကို ရှောင်ရှားနိုင်ရန် Rama II လမ်းမကြီးအစား Phetkasem လမ်း သို့မဟုတ် Ekkachai လမ်းများကို အစားထိုး အသုံးပြုကြပါရန် အသိပေး နှိုးဆော်ထားပါသည်။
