ယနေ့ မွန်းလွဲ ၁ နာရီ ၅၂ မိနစ်ခန့်တွင် ဘန်ကောက်မြို့၊ ဖရာနခွန် (Phra Nakhon) ခရိုင်၊ Chakraphong လမ်းပေါ်ရှိ Nararatthanatharn တံတားထက်တွင် ကရိန်းတင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်အမျိုးအစား Hino Mega အမျိုးအစား ခြောက်ဘီးတပ် ကုန်တင်ယာဉ်ဖြစ်သည်။ ဖြစ်ပွားပုံမှာအဆိုပါယာဉ်သည် တံတားပေါ်တွင် ဘေးတစောင်း တိမ်းမှောက်သွားခဲ့ပြီး ယာဉ်နောက်တွဲတွင် တင်ဆောင်လာသည့် ကရိန်းငယ်မှာ တံတားအစွန်းတွင် တွဲလောင်းကျနေကာ အောက်ဘက်ရှိ တူးမြောင်းအတွင်းသို့ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်။ လမ်းပေါ်သို့ စက်သုံးဆီများ ယိုစိမ့်ခဲ့သဖြင့် နောက်ထပ် မတော်တဆမှုများ မဖြစ်ပွားစေရန် အာဏာပိုင်များက လမ်းပေါ်တွင် သဲများ ဖြူးကာ အရေးပေါ် ဆောင်ရွက်ခဲ့ရသည်။

ဤမတော်တဆမှုကြောင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၈ နှစ်အရွယ် အမျိုးသားမှာ ရင်ဘတ်အောင့်ဒဏ်ရာ ရရှိခဲ့သဖြင့် Klang ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။အသက် ၂၀ အရွယ် အမျိုးသားသည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ရှေးဦးသူနာပြုစုမှု ခံယူကာ ဆေးရုံတက်ရောက်ရန် ငြင်းဆိုခဲ့သည်။
အာဏာပိုင်များသည် တိမ်းမှောက်နေသော ကားနှင့် ကရိန်းကို ဖယ်ရှားရန် အခြားကရိန်းတစ်စီးကို အသုံးပြု၍ ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်ကြောကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
Source: Khaosod
