စပိန်နိုင်ငံ၊ ကော်ဒိုဘာ (Córdoba) ခရိုင်အတွင်းရှိ အာဒါမုဇ် (Adamuz) မြို့အနီးတွင် အရှိန်ပြင်းရထားနှစ်စင်း တစ်စင်းနှင့်တစ်စင်း တိုက်မိပြီး လမ်းချော်တိမ်းမှောက်ခဲ့ရာ လူအမြောက်အမြား
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်၊ ညနေ ၆ နာရီ ၄၀ မိနစ်တွင် မာလာဂါမှ မက်ဒရစ်သို့ မောင်းနှင်လာသော Iryo ကုမ္ပဏီပိုင် အရှိန်ပြင်းရထားသည် ရထားလမ်းပေါ်မှ ချော်ထွက်ကာ ဘေးချင်းကပ်လမ်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် မက်ဒရစ်မှ ဝယ်လ်ဗာသို့ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်လာသော Renfe ကုမ္ပဏီပိုင် အယ်လ်ဗီယာ (Alvia) ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ တိုက်မိမှုကြောင့် ဒုတိယရထားမှာ လမ်းချော်ကာ ကုန်းစောင်းအောက်သို့ ထိုးကျသွားခဲ့သည်။
သေဆုံးသူအနည်းဆုံး ၂၁ ဦး (ရထားဒရိုင်ဘာတစ်ဦး)အပါအဝင် ဒဏ်ရာရသူ လူပေါင်း ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂၅ ဦးမှာ စိုးရိမ်ရကာ ၆ ဦးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Oscar Puente က ယခုမတော်တဆမှုမှာ “အလွန်ထူးဆန်းသည်” ဟု ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတော်တဆမှုသည် ကွေ့ကောက်သောနေရာမဟုတ်ဘဲ ဖြောင့်တန်းသော ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရထားလမ်းပိုင်းကို ပြီးခဲ့သည့် မေလကမှ အသစ်လဲလှယ် ပြုပြင်ထားခြင်းဖြစ်သည်။
စပိန်ဝန်ကြီးချုပ် Pedro Sánchez က ၎င်း၏ တနင်္လာနေ့ အစီအစဉ်များကို ဖျက်သိမ်းကာ ဤဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနေသလို၊ စပိန်ဘုရင်နှင့် မိဖုရားတို့ကလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ စစ်တပ်ကယ်ဆယ်ရေးအဖွဲ့ (Military Emergency Service) ကို စေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ မက်ဒရစ်နှင့် အန်ဒါလူစီယားအကြား ရထားခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားသည်။
မျက်မြင်သက်သေ ခရီးသည်များ၏ ပြောပြချက်အရ ရထားအတွင်း အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီး ခရီးသည်များမှာ အရေးပေါ်ထုရိုက်သည့် တူများဖြင့် မှန်များကို ခွဲကာ အပြင်သို့ ခက်ခက်ခဲခဲ ထွက်ခဲ့ကြရကြောင်း သိရသည်။
Source: Nation Thailand
