ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှု ၁,၀၀၀ နီးပါး ရှိလာ

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့သော မျောက်ကျောက်ရောဂါ (Monkeypox) ကူးစက်မှုသည် ယခုအခါ လူဦးရေ ၁,၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက သတိပေးလိုက်ပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ စာရင်းများအရ အတည်ပြုလူနာ ၉၃၃ ဦးရှိကာ သေဆုံးသူ ၁၃ ဦးရှိပြီဖြစ်ပြီး၊ ကူးစက်ခံရသူများ၏ ၉၇ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း သိရပါသည်။ အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ မစ္စအိုင်းရင် ဖန်ရစ်၏ အဆိုအရ အဆိုပါရောဂါသည် ခရီးသွားဒေသများတွင် အတွေ့များပြီး မရင်းနှီးသူများနှင့် လိင်ဆက်ဆံမှုပြုခြင်းကြောင့် အဓိကကူးစက်နေခြင်း ဖြစ်ပါသည်။

ဒေသအလိုက် ကူးစက်မှုအခြေအနေများတွင် မြို့တော် ဘန်ကောက်သည် ၄၅၈ ဦးဖြင့် ကူးစက်မှုအများဆုံး ဖြစ်နေပြီး ချွန်ဘူရီတွင် ၈၅ ဦး၊ နွန်သဘူရီတွင် ၅၀ ဦး၊ ဖူးခက်တွင် ၃၅ ဦးနှင့် စမွတ်ပရာကန်တွင် ၃၂ ဦး အသီးသီး ရှိနေပါသည်။ အဆိုပါ အခြေအနေကြောင့် အစိုးရအနေဖြင့် ရောဂါထိန်းချုပ်ရေးဌာနကို လူစည်ကားရာဒေသများတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် တင်းကျပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။

လက်ရှိတွင် ဘန်ကောက်၊ ချွန်ဘူရီ၊ ချင်းမိုင်နှင့် ဖူးခက်မြို့များရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့် အုပ်စုများအတွက် မျောက်ကျောက်ရောဂါ ကာကွယ်ဆေး အလုံးရေ ၂,၀၀၀ ကို စတင်ဖြန့်ဝေပေးနေပြီ ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် လူစည်ကားရာနေရာများတွင် ထူးခြားသည့် အရေပြားအဖုအပိမ့် သို့မဟုတ် အရည်ကြည်ဖုရှိသူများနှင့် နီးကပ်စွာ ထိတွေ့ခြင်းကို အထူးဂရုပြု ရှောင်ကြဉ်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

Source: Bangkok Post